Home
မြန်မာသတင်း
မိုင်ဂျာယာန်စစ်ရှောင်စခန်းသို့ ဆေး(၁)ကျောင်းသားသမဂ္ဂက ငွေကျပ်သိန်း ၂၀ လှူဒါန်း
DVB
·
September 17, 2021

ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂက ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့ စစ်ဘေးရှောင်စခန်းကို ငွေကျပ်သိန်း ၂၀ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီလှူဒါန်းမှုကိုတော့ Concern, Care and Contribute to the IDPs (CCC)နဲ့ ချိတ် ဆက်ပြီး မိုင်ဂျာယာန်မြို့၊ Kachin IDP Camp မှ Covid-19 response team အတွက် ထောက်ပံ့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

ပြည်သူတစ်ဦးချင်းစီရဲ့ စုပေါင်းအားနဲ့သာ ခုလိုကူညီထောက်ပံ့နိုင်တာမို့ နောက် နောင် ဆောင်ရွက်ရန်ရှိတဲ့ လုပ်ငန်းတွေမှာလည်း ဆက်လက်ကူညီလှူဒါန်းပေးကြဖို့  ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂက မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

       ဒါ့အပြင် ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရော မြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024