Home
ဆောင်းပါး
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မိသားစုတွေ ငွေရပေါက် ဘယ်လိုဖန်တီးနေသလဲ (အပိုင်း- ၂ )
DVB
·
September 17, 2021

တပ်မိသားစုအကြောင်း

တိုင်းပြည်ရဲ့စီးပွားရေးမှာ ကြီးမားတဲ့အစိတ်အပိုင်းတွေကို မြန်မာစစ်တပ်က ကာလကြာရှည်စွာ ထိမ်းချုပ်ထားခဲ့တာပါ။ အထူးသဖြင့်ရေနံ၊ သဘာဝဓာတ်ငွေ့၊ကြေးနီနဲ့ ကျောက်စိမ်းကဲ့သို့ ထုတ်ယူရတဲ့ သဘာဝသယံဇာတတွေကို ချုပ်ကိုင်ထားပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ ခုနှစ်မှာထုတ်ပြန်တဲ့ အစီရင်ခံစာအရ၊ တပ်မတော်ဟာ ကြည်းတပ်စစ်ခေါင်းဆောင် အဆက်ဆက်လက်ထက်မှာ အရပ်သားတွေထိန်းချုပ်မှု အပြင်ဘက်က စီးပွားရေးအကျိုးအမြတ်တွေနဲ့ ကန်ထရိုက်တွေကိုအထူးအခွင့်အရေးပေးပြီး လုပ်ဆောင်ဖို့ ခရိုနီကုမ္ပဏီကွန်ရက်တခုကို ထူထောင်ထားရှိကြောင်းသိရပါတယ်။ ဒေသခံကုမ္ပဏီ မှတ်တမ်းတွေက အတည်ပြုထားပြီးပွင့်လင်းတဲ့ကုမ္ပဏီတွေရဲ့ အချက်အလက်တွေအ အာဏာသိမ်းခေါင်းဆောင်တွေရဲ့ မိသားစုတွေဟာ စီးပွားကဏ္ဍအသီးသီးမှာ ပါဝင်ပတ်သက်မှု အတိုင်းအတာ များစွာရှိနေကြောင်းလည်း ပြသနေပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီလို့  ခေါ်တဲ့ စစ်အစိုးရအဖွဲ့ဝင်လေးယောက်ရဲ့ သားသမီးတွေနဲ့ သူတို့ရဲ့အိမ်ထောင်ဘက်တွေက ကုမ္ပဏီ ၂၇ ခုပိုင်ဆိုင်ထားကြောင်း ရိုက်တာက ရှာဖွေတွေ့ရှိထားပါတယ်။  အဲဒီစီးပွားရေး လုပ်ငန်းတွေကတော့ ဆောက်လုပ်ရေးမှအစ၊ ဆေးကုမ္ပဏီအလယ်၊ ဖျော်ဖြေရေးလုပ်ငန်းတွေ အဆုံး အမျိုးမျိုးရှိနေတာပါ။

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းတဦးဖြစ်သူ လေထီးခုန်စစ်သည်တဦးဖြစ်ခဲ့တယ်လို့ ပြောတဲ့ ဦးကျော်စွာမင်းက “ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွား၊ ပိုင်ဆိုင်မှုတွေနဲ့ ဓနဥစ္စာတွေကိုသာ ကာကွယ်နေကြောင်း အားလုံးကသိကြပါတယ်”လို့ ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာဖြေကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့လို့ သူ့ကိုရာထူးမှဖယ်ရှားခဲ့ပြီး သူဟာ ဗြိတိန်မှာပဲနေထိုင်နေပါတယ်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ မင်းအောင်လှိုင်ရဲ့သားသမီးတွေကလည်းပဲ အစိုးရထံက စီးပွားရေးအထူးအခွင့်အရေးတွေကို ရရှိထားပါတယ်။ စစ်တပ်ကို ပေးပို့တဲ့ မေးခွန်းတွေကိုတော့ မင်းအောင်လှိုင်က  ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပုညှက်ညှက်မျက်မှန်တပ်ထားတဲ့ အသက် ၆၅ နှစ်ဝန်းကျင်မင်းအောင်လှိုင်ဟာ သူ့ရဲ့ရာထူးရာခံကို လူ့အခွင့်အရေးအဖွဲ့တွေပြောသလို တိုင်းရင်းသားကျေးရွာတွေမှာစစ်တပ်ကရမ်းကားစွာ အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ ကျူးလွန်ထားတဲ့ဆက်တိုက် စစ်ဆင်ရေးပေါင်းများစွာက နေရရှိထားတာပါ။ စစ်တပ်ရဲ့ခေါင်းဆောင်ရာထူးခန့်အပ်ခံရပြီးနောက်မှာတော့ စစ်တပ်က တိုင်းရင်းသားလူနည်းစုတွေအပေါ် ယုတ်မာရက်စက်စွာ သတ်ဖြတ်ဖိနှိပ်မှုတွေကို ငြင်းဆိုထားပါတယ်။

အာဏာရှင်ဟောင်း စစ်ခေါင်းဆောင်သန်းရွှေက သူ့ကိုလက်သပ်မွေးထားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ သူ့အထက်က ရာထူးကြီးသူတွေကိုကျော်ပြီး စစ်ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ်မှာ ရာပေါင်းထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက မောင်းထုတ်ရာမှာ မင်းအောင်လှိုင်က ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးကွဲပြားနေမှုတွေနဲ့ပတ်သက်ပြီး ချမ်းသာသူနဲ့ဆင်းရဲသူတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းအောင်လုပ်ဖို့လိုကြောင်း မနှစ်ကသူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးခါစ နှစ်ဆန်းပိုင်းမှာတော့ သူ့ရဲ့သားသမီးတွေရနေတဲ့ စီးပွားရေးအကျိုးအမြတ်တွေကို မီးမောင်းထိုးပြပြီး  အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်းသွင်းထားခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့အဆိုအရ   မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ ကာလပေါက်ဈေးရဲ့ ၁ ရာခိုင်နှုန်းထက်နည်းတဲ့ဈေးနဲ့ စားသောက်ဆိုင်အသစ်တခုဖွင့်ဖို့ မြေငှားရမ်းခွင့်ရရှိထားခဲ့တယ်လို့သိရပါတယ်။ မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်ကလည်း ရိုက်တာသတင်းဌာနကမြင်ခဲ့ရတဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ပေါက်ကြားလာတဲ့ မှတ်တမ်းဖိုင်တွေအရ မိုဘိုင်းဖုန်းဆက်သွယ်ရေးတာဝါတိုင်တွေကို စစ်တပ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီသို့ ပေးသွင်းရမယ့်  စီးပွားရေးလုပ်ငန်းကို အခိုင်အမာရရှိထားကြောင်းသိရပါတယ်။ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ကတော့ ရိုက်တာရဲ့မေးခွန်းတွေကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း အဆိုပါအကြောင်းအရာနဲ့ပတ်သက်လို့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

ကြီးထွားလာခြင်း

လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ဟာ စစ်တပ်အကြီးအကဲမိသားစုကနေ  ၁၉၆၄ ခုနှစ် ဇူလိုင်လမှာမွေးဖွားခဲ့သူပါ။ သူ့ဖခင်ကတော့ စစ်အာဏာရှင်နေဝင်းလက်ထက်မှာ စစ်သားငယ်လေးအဖြစ်ကနေ တိုက်ရင်းခိုက်ရင်း ၁၉၇၆ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ သူကျော်ထင်ပဲ ဖြစ်ပါတယ်။

မောင်မောင်ကျော်ဟာသူ့ဖခင်အလိုအတိုင်း စစ်တပ်ထဲဝင်ခဲ့ပြီး တိုက်လေယဉ်မောင်းပိုင်းလော့အဖြစ် အမှုထမ်းခဲ့ပါတယ်လို့ သူ့မိသားစုနဲ့ရင်းနှီးသူ ဗြိတိန်သံအမတ်ဟောင်း ဦးကျော်စွာမင်းက ပြောပါတယ်။ သူဟာစစ်တပ်နောက်ခံအသိုင်းအဝိုင်းကြီးမားလို့ ရာထူးတက်လာတာလို့ ဗြိတိန်သံအမတ်ဟောင်းက ဆိုပါတယ်။

သူလေတပ်ဦးစီးချုပ်ဖြစ်လာပြီး ၂၀၁၈ ခုနှစ်မှာ ရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီး ဆူခွိုင်လေယာဉ်တွေကို တွဲဖက်မောင်းနှင်ခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီတာ့စ်က ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံကလေယာဉ်ခြောက်စင်းဝယ်ဖို့ စီစဉ်ထားတယ်လို့လည်း အေဂျင်စီက ဆိုပါတယ်။

မောင်မောင်ကျော်ဟာ သူ့ရဲ့သားသမီးတွေကို စစ်ခေါင်းဆောင်တွေအတွက်ထားတဲ့ ရန်ကုန်ရှိ သီးသန့်ရပ်ကွက်မှာ ကြီးပြင်းစေခဲ့ပါတယ်။ လမ်းအပေါက်အပြဲတွေ တလျှောက် ဇိမ်ခံကားတွေ မောင်းနှင်ရာ၊ ဂိတ်တံခါးတွေ သံဆူးကြိုးဝိုင်ယာတွေကာရံထားတဲ့ ခြံစည်းရိုးနဲ့ အစောင့်အရှောက်တွေရှိရာခေတ်မှီပြီးရှေးဆန်တဲ့ ခြံဝင်းတွေအတွင်းနေထိုင်တဲ့ လူကုံထံတွေရှိရာရ ရွှေတောင်ကြားအရပ်ကို သူ့ညီကိုခေါ်ပြီး ရောက်လာတတ်တယ်လို့ လေချုပ်သားဖြစ်သူ အိုင်ဗင်ထက်ရဲ့ ကျောင်းနေဖက်တွေက ပြောပါတယ်။

သူတို့နှစ်ယောက်ကို လူကုံထံတွေနေတဲ့ကျောင်းမှာထားပြီး ညနေဘက် အင်္ဂလိပ်စာအတန်းကို တက်ရောက်ကာ ပုဂ္ဂလိက-ကလပ်မှာရေကူးတယ်လို့ ကျောင်းနေဘက်တဦးက ဆိုပါတယ်။ မြန်မာပြည်ကပြီးတော့ စင်ကာပူမှာကောလိပ်သွားတက်တဲ့အခါ ခမ်းနားတဲ့ကွန်ဒိုမီနီယံမှာ နေခဲ့ကြပါတယ်။

သူဟာ စင်ကာပူမှာနေစဉ်အချိန်မောင်မောင်ကျော်ရဲ့ အစ်မကြီးဖြစ်သူ သီတာမြင့်ရဲ့ သားသမီးတွေဖြစ်တဲ့ ဝမ်းကွဲမောင်နှမ လင်းထက်၊ မွန်ရည်တို့နဲ့အတူ အချိန်ကုန်လွန်ခဲ့တာပါ။ သီတာမြင့်နဲ့ သူ့ခင်ပွန်းတို့ဟာ လေကြောင်းဆိုင်ရာပစ္စည်းတွေပေးသွင်းတဲ့ အယ်လ်တီအာ(LTR)လို့ခေါ်တဲ့ ကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။ ကုမ္ပဏီက စင်ကာပူနဲ့ မြန်မာမှာ လုပ်ငန်းတွေရှိပါတယ်။ သီတာမြင့်ကတော့ မှတ်ချက်ပေးဖို့တောင်းဆိုတာကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

လင်းထက်ဟာ ၂၀၁၂ ခုနှစ်မှာ အယ်လ်တီအာ(LTR) စင်ကာပူရဲ့ ဒါရိုက်တာတယောက်ဖြစ်လာခဲ့ပြီး ညီမဖြစ်သူ မွန်ရည်ဟာလည်း နောက်နှစ်အနည်းငယ်အကြာမှာ ဒါရိုက်တာတယောက် ဖြစ်လာခဲ့တယ်လို့ ကုမ္ပဏီမှတ်တမ်းတွေကဆိုပါတယ်။ ၂၀၁၄ခုနှစ်အတွင်းမှာတော့ လင်းထက်နဲ့ မိသားစုကုမ္ပဏီဟာ အမေရိကန်ထုတ်လေယာဉ်သစ်တွေကို ၁၉၆၂ ခုနှစ်ကတည်းက ဆိုရင် ပထမဆုံးမြန်မာနိုင်ငံကိုရောင်းချရာမှာ အရေးပါတဲ့ကုမ္ပဏီ ဖြစ်လာခဲ့တယ်လို့  အမေရိကန်အခြေစိုက် လေကြောင်း မဂ္ဂဇင်းတခုက ရေးထားပါတယ်။ မြန်မာ့လေကြောင်း(Myanmar Airways) နောက်ပိုင်း မြန်မာ့အမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) လို့ခေါ်ဆိုတဲ့လုပ်ငန်းကို ဆက်စနာတာဗိုအင်ဂျင်တပ် လေယာဉ်နှစ်စင်း ရောင်းချခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းက မှတ်ချက်ပေးဖို့တောင်းဆိုတာကို အကြောင်းမပြန်ခဲ့ပါဘူး။

လင်းထက်တို့ မောင်နှမတွေဟာ လူကုံထံတွေရဲ့ကြွယ်ဝတဲ့နေထိုင်မှုပုံစံနဲ့ နေထိုင်ခဲ့ကြပါတယ်။ လင်းထက်ညီမ မွန်ရည်ရဲ့ ၂၀၁၃ ခုနှစ်က အင်စတာဂရန်ပို့စ်တခုမှာ ပြင်သစ်မှာ ညဘက်ကျင်းပတဲ့ ပါတီတခုအတွင်း တန်ဖိုးကြီးရှန်ပိန်ပုလင်းတွေထည့်ထားတဲ့ ဇလုံကြီးတခုကိုတွေ့ရပြီး သူငယ်ချင်းတွေနဲ့အတူ ပါတီပွဲကျင်းပနေတာတွေ့ရပါတယ်။ အဲဒီအချိန်ကာလပေါက်ဈေးအရ အဲဒီ ရှန်ပိန်တပုလင်းကို ယူရိုငွေ ၇၅၀ (အမေရိကန်ဒေါ်လာ ၉၀၀နီးပါး၊ မြန်မာငွေ ၁၀ သိန်းကျော် ) တန်ဖိုးရှိတယ်လို့သိရပါတယ်။

အိုင်ဗင်ထက်ရဲ့ အင်စတာဂရန်ပို့စ်တွေမှာလည်း သူနဲ့ သူ့ဝမ်းကွဲမောင်နှမတွေရဲ့ လူမှုဆက်ဆံရေးကိုပြတဲ့ ၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်က ပါတီတွေက အစ၊ နောက်တနှစ်မှာ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့က ခမ်းနားလှတဲ့ ကိုလိုနီခေတ် စတိုင်ဟိုတယ်မှာ အနောက်တိုင်းဂါဝန်နဲ့ဝတ်စုံတွေဝတ်ပြီး ရှေးဟောင်းကားတွေနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံတွေအဆုံး ဖေါ်ပြထားပါတယ်။

မွန်ရည်ကတော့ သူ့ရဲ့အင်စတာဂရန်ပေါ်က နေထိုင်မှုပုံစံတွေဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တာလိုမျိုး တခုမှမရှိခဲ့ဘူးလို့ ရိုက်တာကိုပြောပါတယ်။

ဖြာထွက်နေသော အကိုင်းအခက်များ 

အိုင်ဗင်ထက်ဟာ ၂၀၁၂ ခုနှစ်ရန်ကုန်ကို မပြန်မီ၊ ဆောက်လုပ်ရေးပရောဂျက်စီမံခန့်ခွဲမှုပညာကို လေ့လာခဲ့ပါတယ်။ ဒီနောက် ရန်ကုန်ပြန်လာပြီး အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေတဲ့ ထိပ်တန်းသူဌေးကြီးတစ်ဦးနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ဇနီးလင်းလက်သီရိကိုတော့ ရန်ကုန်မြို့ဆင်ခြေဖုံးမှာ ဇိမ်ခံတိုက်ခန်းတွေဆောက်လုပ်တဲ့လုပ်ငန်း လုပ်ကိုင်ရင်း သိကျွမ်းရင်းနှီးခဲ့တာလို့ သူတို့ရဲ့မိတ်ဆွေတွေက ဆိုပါတယ်။ အင်တာနက်ပေါ်က အချက်အလက်တွေအရ လင်းလက်သီရိဟာအင်္ဂလန်နိုင်ငံရှိ ဘတ်တက္ကသိုလ်(Bath University) ကနေ ဗိသုကာဘွဲ့ရခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ဟိုတယ်တွေ၊ အခမ်းအနားဝန်ဆောင်မှုတွေနဲ့ ဗိသုကာကုမ္ပဏီတွေ တည်ထောင်ခဲ့ကြတယ်လို့ ကုမ္ပဏီမှတ်တမ်းတွေကဆိုထားပါတယ်။ အဲဒီထဲက မှတ်တမ်းတခုမှာတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ စီးပွားဖက်အဖြစ်တွဲဖက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ၂၀၂၀  ပြည့်နှစ် ဧပြီလထဲမှာ မှတ်ပုံတင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

တပ်မိသားစုတွေရဲ့သားသမီးတွေဟာ အချင်းချင်းကောင်းစွာချိတ်ဆက်ထားကြပြီး၊ နိုင်ငံရပ်ခြားမှာ ဘွဲ့တွေယူခဲ့ကြတယ်။ သူတို့ကချမ်းသားပြီးသားဖြစ်တာမို့ သူတို့အတွက်ဘွဲ့ပဲလိုတယ်။ နိုင်ငံခြားမှာ ဘွဲ့ယူတဲ့ အကြောင်းအရင်းကလည်း ချိတ်ဆက်မှုပိုအားကောင်းခြင်းဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံရဲ့ အမတ်ဟောင်း ကျော်စွာမင်းက ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ အိုင်ဗင်ထက်နဲ့ သူ့မိန်းမတို့ဟာ မီးထွန်းပွဲတော်ကို ကျင်းပခြင်းဖြင့် လူထုရှေ့မှောက်ကို ရောက်လာခဲ့ပါတယ်။ မတ်လမှာ သန်းနဲ့ချီတဲ့ မီးလုံးပေါင်းများစွာကို မီးပန်းဆိုင်းတွေအဖြစ် ပုံစံဖေါ်တဲ့ပြသပွဲမှာ ဒေသခံနိုင်ငံရေးသမားတွေလည်း တက်ရောက်ခဲ့ ပါတယ်။

၅ လ အကြာမှာတော့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ်နှိပ်ကွပ်ဖြိုခွဲမှုတွေလုပ်ခဲ့လို့ ရာပေါင်း ထောင်ပေါင်းများစွာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြပါတယ်။ စစ်တပ်က ရိုဟင်ဂျာတွေအပေါ်သတ်ဖြတ်၊ မုဒိမ်းကျင့်၊ နှိပ်စက်ညှဉ်းပန်းရုံအပြင် များပြားလှစွာသောအိမ်တွေကို မီးရှို့ခဲ့ကြောင်းမျက်မြင်သက်သေတွေက ဆိုထားပါတယ်။ ဒါကိုစစ်တပ်ကငြင်းဆိုထားပေမဲ့ ၊ ပထမဆုံးအတည်ပြုနိုင်တဲ့မှတ်တမ်းမှာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး ကို အစုလိုက်သတ်ဖြတ်ပြီ ကျင်းတူးကာ မြှုပ်နှံထားတာကိုတွေ့ရှိခဲ့တဲ့အကြောင်းကို ၂၀၁၈ ခုနှစ်အစောပိုင်းမှာ ရိုက်တာက ဖော်ထုတ်ထားပါတယ်။

ရိုဟင်ဂျာတွေဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးနေတုန်းမှာပဲ၊ ၂၀၁၇ ခုနှစ်နိုဝင်ဘာလမှာ လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ရဲ့သား အိုင်ဗင်ထက်က သူ့ကုမ္ပဏီရဲ့ နောက်ထပ် မီးထွန်းပွဲတော်တခုကို ပုသိမ်မြို့မှာကျင်းပခဲ့ကြောင်း အခမ်းအနားကိုဖေါ်ပြထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သိရပါတယ်။

၂၀၁၈ ခုနှစ်ဇန်နဝါရီလမှာ မောင်မောင်ကျော် လေတပ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ လအနည်းငယ်အကြာမှာတော့ သူ့သားကုမ္ပဏီက နောက်ထပ်မီးထွန်းပွဲတော်တခုကို လက်ခံကျင်းပခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်နေ့အခမ်းအနားကျင်းပတာကို မီးပန်းဆိုင်းတွေနဲ့ အလှဆင်တာပါပဲ။ အဲဒီနှစ်ဒီဇင်ဘာလမှာပဲ လေချုပ်ရဲ့သားအိုင်ဗင်ထက်နဲ့ သူ့မိန်းမတို့ဟာ စစ်တပ်ဝင်းတခုအတွင်းရှိ ခန့်ညားထယ်ဝါလှတဲ့ခန်းမကြီးတခုမှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ ရိုက်တာကတွေ့မြင်ခဲ့ရတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ တပ်ချုပ်မင်းအောင်လှိုင်နဲ့ လင်မယားနှစ်ယောက်တွဲ ရိုက်ထားတာကို တွေ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ အိုင်ဗင်ထက်ဟာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဆိုတဲ့ နိုင်ငံရေးပါတီတခုမှာ အကြံပေးတယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတက ထုတ်ပယ်ခံထားရသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေပေါင်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တည်ထောင်ထားတာဖြစ်တယ်လို့ အိုင်ဗင်ထက်ရဲ့သူငယ်ချင်းတဦးကပြောပါ တယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဝင်နှစ်ဦးကတော့ အိုင်ဗင်ထက်ရဲ့ပါတီနဲ့ပါဝင်ပတ်သက်မှုကို အတည်ပြုထားပြီး ဘယ်လိုကဏ္ဍမှာ လုပ်ဆောင်နေသလဲဆိုတာတော့ အတိအကျမသိရဘူးလို့ဆိုပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဟာ ရွေးကောက်ပွဲမှာအနိုင်မရခဲ့ပါဘူး။ အမတ်တနေရာလေးတောင် မဲ မရခဲ့ပါဘူး။

တချိန်တည်းမှာပဲ အိုင်ဗင်ထက်ရဲ့ ဇနီးလင်းလက်သီရိဟာ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဝန်ဆောင်မှု (Alliance Engineering Services) ကို ပူးတွဲထူထောင်ခဲ့ပြီး ကုမ္ပဏီရှယ်ရာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ လင်းလက်သီရိဟာ ကုမ္ပဏီထူထောင်ပြီး လအနည်းငယ်အကြာ ၂၀၁၉ ခုနှစ်စက်တင်ဘာလမှာ ကုမ္ပဏီကနေ နုတ်ထွက်ပြီး ရှယ်ယာပိုင်ဆိုင်မှုလည်း မရှိတော့ပါဘူး။

ကုမ္ပဏီကိုတော့ ဝင်းမင်းဟိန်းဆိုသူက ဆက်လက်စီမံခန့်ခွဲနေခဲ့ကြောင်း ကုမ္ပဏီ မှတ်တမ်းတွေအပြင် ကန်ထရိုက်တာတဦးနဲ့ စီးပွားဖက်တဦးတို့ကို တွေ့ဆုံမေးမြန်းချက်အရ သိရပါတယ်။ ဝင်းမင်းဟိန်းဟာ အိုင်ဗင်ထက်နဲ့ စင်ကာပူမှာ ကျောင်းအတူတက်ခဲ့သူဖြစ်ကြောင်း သူ့ရဲ့ LinkIn Profileက ဖေါ်ပြထားပါတယ်။ သူကတော့မှတ်ချက် တစုံတရာပေးဖို့တောင်းဆိုတာကို အကြောင်းမပြန်ခဲ့ပါဘူး။

လေတပ်အတွက် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားက စက်ကိရိယာဝယ်ယူတဲ့ အသုံးစားရိတ်က အမေရိကန်ဒေါ်လာသန်း ၃၆၀ ရှိပါတယ်။ ဒါဟာတခြားဌာနတွေထက်စာရင် အကြီးမားဆုံး အသုံးစားရိတ်ဖြစ်ပါတယ်။ ရေတပ်အသုံးစားရိတ်ရဲ့ နှစ်ဆဖြစ်ကြောင်း ရိုက်တာရဲ့ တရားဝင်အသုံးစားရိတ်သုံးသပ်မှု မှတ်တမ်းတွေက ဖေါ်ပြထားပါတယ်။ နိုင်ငံပိုင်မီဒီယာတွေက မင်းအောင်လှိုင်ဟာ လေတပ်ကိုအင်အားကြီးဖို့ ပထမဦးစားပေးအဆင့်သတ်မှတ်ထားတယ်လို့ ဖေါ်ပြထားကြပါတယ်။

လေတပ်အသုံးစားရိတ်ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတွေက လေယာဉ်အသစ်တွေဝယ်ရုံမျှမကပါဘူး၊ ရှိပြီးသားလေယာဉ်တွေကို အစိတ်အပိုင်းအသစ်တွေ အစားထိုးတပ်ဆင်တာလည်း ပါတယ်လို့ အသုံးစားရိတ်မှတ်တမ်းတွေက ဖေါ်ပြထားပါတယ်။ ရိုက်တာရဲ့ စစ်တပ်အ သုံးစားရိတ် လေ့လာဆန်းစစ်ချက်မှတ်တမ်းတွေအရ လေတပ်ရဲ့ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားမှ ဝယ်ယူဖို့ အသုံးစားရိတ် အမေရိကန်ဒေါ်လာ ၃၇၇ သန်းရဲ့ သုံးပုံတပုံဟာ အပိုပစ္စည်းဝယ်ယူတာတွေနဲ့ ပြင်ဆင်စရိတ်တွေဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါဟာလေယာဉ်အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေအပေါ် မြိုးမြိုးမြက်မြက် အမြတ်အစွန်းရစေဖို့ အကြောင်းဖန်လာတာဖြစ်ကြောင်း စစ်ပစ္စည်းပေးသွင်းသူ ကန်ထရိုက်တာတွေကပြောပါတယ်။

တခြားတိုက်လေယာဉ်တွေနဲ့အတူ ရုရှားဂျက်တိုက်လေယာဉ်တွေကိုဖေါ်ပြထားတဲ့ အင်ဂျင်နီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဝန်ဆောင်မှုကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ကုမ္ပဏီရဲ့ ရည်မှန်းချက်ဟာ “အသစ်ပေါ်ထွက်လာမယ့် မြန်မာ့ကာကွယ်ရေး နဲ့ လုံခြုံရေးခေတ်သစ်ကဏ္ဍကိုဦးဆောင်ရန်” လို့ဖေါ်ပြထားပါတယ်။ ဒီရည်မှန်းချက်အတွက် လေယာဉ်တွေရဲ့ အရေးကြီးအစိတ်အပိုင်းတွေ ရရှိဖို့နဲ့ ပြုပြင်ထိန်းသိမ်းမှုကိုအ ထူးပြုထားခဲ့တာပါ။ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ရုရှားရဲ့လေယာဉ်ထုတ်လုပ်သူတွေက ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံရပ်ခြားက ဖေါက်သည်တွေကိုပြသတဲ့ မော်စကိုက MARKS INTERNATIONAL လေကြောင်းပြပွဲရဲ့ ပြသသူစာရင်းမှာ လေချုပ်မောင်မောင်ကျော်ရဲ့သား အိုင်ဗင်ထက်ရဲ့ ကုမ္ပဏီ ပါဝင်ခဲ့ပါတယ်။

ရိုက်တာက ၂၀၂၀ နိုဝင်ဘာလအတွင်းတွေ့မြင်ခဲ့တဲ့ အဆိုပါကုမ္ပဏီရဲ့ စာရွက်စာတမ်း တွေအရ ကုမ္ပဏီဟာ အစ္စရေးနိုင်ငံရဲ့ Elbit Systems ထုတ်လုပ်တဲ့ Skylark စစ်ဘက်သုံးဒရုန်းယာဉ်တွေကို ဝယ်ယူဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ တိုက်ခိုက်တဲ့စစ်ပွဲတွေမှာ ဒရုန်းယာဉ်တွေကို တိုးမြှင့်သုံးစွဲနေကြောင်း ပျက်ကျသွားတဲ့ Skylark   ဒရုန်းယာဉ်ရဲ့ဓာတ်ပုံကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တွေက ၂၀၂၀ ပြည့်နှစ်အတွင်း ရိုက်ကူးဖေါ်ပြထားချက်အရသိရပါတယ်။

ရိုက်တာက အစ္စရေးကုမ္ပဏီကို မေးမြန်းတဲ့အခါမှာတော့ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို သူတို့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်တာမရှိတော့ကြောင်း သူတို့မှာအဲဒီ ကုမ္ပဏီနဲ့ လုပ်ဆောင်ချက်တွေမရှိကြောင်း ဖြေကြားပါတယ်။

စင်ကာပူကမောင်နှမတွေ

စင်ကာပူဘက်ခြမ်းမှာတော့ လေချုပ်ရဲ့သား အိုင်ဗင်ထက်ရဲ့ ဝမ်းကွဲဖြစ်သူ လင်းထက်က မြန်မာ့လေကြောင်းကဏ္ဍကို ကုန်ပစ္စည်းထောက်ပံ့ပေးနေတဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်လာပါတယ်။ လင်းထက်ဟာ သူတို့ကုမ္ပဏီ ( LTR) ရဲ့ပူးတွဲပိုင်ဆိုင်မှုအပြင်၊ Asian Aviation Resources  ဆိုတဲ့ တခြားစင်ကာပူကုမ္ပဏီတခုရဲ့ မြန်မာပြည်ဆိုင်ရာအကြီးအကဲလည်းဖြစ်လာပါတယ်။ အဲဒီ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာအရ၊ အဲဒီ ကုမ္ပဏီဟာ Textron Aviation ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။

Asian Aviation Resources ကုမ္ပဏီရဲ့ အရာရှိတဦးကတော့ လင်းထက်ရဲ့ ပါဝင်ပတ်သက်မှုအပေါ် မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပါတယ်။ ရိုက်တာက ဆက်သွယ်မေးမြန်းပြီးတဲ့နောက်မှာတော့ အဆိုပါကုမ္ပဏီက လင်းထက်ရဲ့အကြောင်းအရာတွေကို သူတို့အင်တာနက်စာမျက်နှာပေါ်က ပယ်ဖျက်ခဲ့ပါတယ်။

Textron Aviation ရဲ့ပြောရေးဆိုခွင့်ရှိသူ မေးနာ့ဒ်ကတော့ သူတို့ကုမ္ပဏီရဲ့ကြား ခံဆောင်ရွက်သူတွေနဲ့ တခြားပုဂ္ဂိုလ်တွေရဲ့လျှို့ဝှက်ချက်တွေကိုဖေါ်ပြမပေးနိုင်ဘူးလို့ဆိုပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အကြားမှာ လင်းထက်ဟာ မြန်မာနိုင်ငံအတွက် လေယာဉ်ပျံတွေနဲ့ ရဟတ်ယာဉ်တွေကို သူ့ရဲ့မိသားစုကုမ္ပဏီကတဆင့် ပေးသွင်းခဲ့ကြောင်း မီဒီယာတွေရဲ့ ညွှန်းဆိုဖေါ်ပြမှုခံခဲ့ရပါတယ်။ ရဟတ်ယာဉ်တွေကို အရောင်းမြှင့်တင်ခဲ့သလို ၂၀၁၆ ခုနှစ်မှာ လင်းထက်က အမေရိကန်နဲ့ အီးယူတို့ရဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုဟာ ပြဿနာမဟုတ်ဘူးလို့ ထောက်ပြခဲ့ပါတယ်။  “မြန်မာအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဟာ စီးပွားရေးပိတ်ဆို့ထားတဲ့ကြားက စင်္ကာပူကနေ  ဘဲလ်ရဟတ်ယာဉ်တွေကို အခက်အခဲမရှိပဲ လွယ်လွယ်ကူကူပဲ ဝယ်ယူနိုင်ခဲ့တယ်” လို့ မြန်မာတိုင်းသတင်းစာ ကိုပြောပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပိတ်ဆို့မှုတွေ ဖြေလျှော့ထားတာတောင်မှ နိုင်ငံခြားကုမ္ပဏီတွေက ပူပန်မှုရှိနေဆဲပါ။

လေကြောင်းအရာရှိ ဗေးလီရာဒ်နဲ့ ကန်ထရိုက် နှစ်ဦးအဆိုအရ လင်းထက်ဟာ စစ်သုံးပစ္စည်းတွေ ပေးသွင်းမှုမှာလည်းပဲ ပါဝင်နေခဲ့တယ်လို့သိရပါတယ်။ သူဟာမြန်မာစစ်တပ်ကို စစ်ပစ္စည်းတွေ ပေးသွင်းတဲ့ Aero Sofi နဲ့ အတူအလုပ်လုပ်ခဲ့ကြောင်း ကန်ထရိုက်တဦးနဲ့ စီးပွားဖက်တဦးတို့က ပြောထားပါတယ်။ Aero Sofi ဟာ ၂၀၂၀  ပြည့်နှစ်အတွင်း စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ် အဲဘတ်စ် စီ၂၉၅ နှစ်စီးကို ဂျော်ဒန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းနဲ့ ဝယ်ယူဖို့ကြိုးစားခဲ့ပါတယ်။ Aero Sofi ရဲ့စစ်လက်နက်ပစ္စည်းရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကို “စုဖွဲ့ရာဇဝတ်မှုနဲ့လာဘ်စားမှုဆိုင်ရာသတင်းပေးပို့မှုစီမံချက်” က အရင်က အစီရင်ခံစာထုတ်ပြန်ထားပြီးဖြစ်ကြောင်း ပေါက်ကြားလာတဲ့ စစ်ရေးအသုံးစားရိတ် ရွက်စာတမ်းတွေကို ရိုက်တာကသုံးသပ်ထားပါတယ်။ သတင်းအေဂျင်စီကတော့ အရောင်းအဝယ် ဖြစ်သလား မဖြစ်သလားဆိုတာကို အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

Aero Sofi ကိုအရေးယူဖို့ တည်ဆောက်ထားတဲ့မှတ်တမ်းတွေထဲမှာ လင်းထက်ရဲ့ နာမည်မပါခဲ့ပေမဲ့၊ လူလုပ်ငန်းနဲ့ သူ့မိသားစုဟာ နီးနီးကပ်ကပ်ပါဝင်မှုရှိကြောင်း အထောက်အထားတွေ ရှိနေပါတယ်။ လင်းထက်ရဲ့  LTR ကုမ္ပဏီရဲ့ ဒုမန်နေဂျာ ဟိန်းထွဋ်ဝင်းဆိုသူဟာ အဲဒီအချိန်က Aero Sofi  ရဲ့ရှယ်ရာသုံးပုံတပုံ ပိုင်ဆိုင်တဲ့ပူးတွဲတည်ထောင်သူတဦးဖြစ်ကြောင်း ကုမ္ပဏီ မှတ်တမ်းတွေအရ သိရပါတယ်။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူဟာ Aero Sofi မှာ လုပ်ကိုင်ခြင်းမရှိတော့ကြောင်း ဟိန်းထွဋ်ဝင်းက ပြောခဲ့ပြီး နောက်ထပ်မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ Aero Sofi  အေရိုဆိုဖီကလည်း မှတ်ချက်ပေးဖို့တောင်းဆိုတာကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

လင်းထက်ရဲ့ညီမ  မွန်ရည်ကလည်းပဲ မြန်မာစစ်တပ်ကို ပစ္စည်းပေးသွင်းနေတဲ့ ကုမ္ပဏီတွေက အရာရှိတွေနဲ့ ဆက်နွှယ်မှုတွေရှိခဲ့ကြောင်း ကုမ္ပဏီမှတ်တမ်းတွေက ဖေါ်ပြထားပါတယ်။ သူဟာ Aero Sofi ရဲ့အရာရှိ သီဟမျိုးညွန့်ဆိုသူနဲ့အတူ၊ King Royal Technologies ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာနဲ့ တစိတ်တပိုင်းပိုင်ဆိုင်သူ ရဲအောင်အောင်တင်တို့နဲ့ တွဲဖက်ပြီး စင်ကာပူမှာ အရောင်းအဝယ်လုပ်ငန်းတခုကိုပိုင်ဆိုင်ထားပါတယ်။ King Royal ကတော့ အမေရိကန်အစိုးရဘဏ္ဍာရေးဌာနက ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေ တပ်မတော်ကို ပေးသွင်းတာကြောင့် ဇူလိုင်လမှာ ပိတ်ဆို့အရေးယူခံထားရတာပါ။

Maxi Road Trading လို့ခေါ်တဲ့ အဲဒီအရောင်းအဝယ်လုပ်ငန်းဟာ လူထုအကြားသိရှိမှုမရှိခဲ့ပါဘူး။ မွန်ရည်ကလည်း ကုမ္ပဏီအကြောင်းမေးမြန်းမှုကို မဖြေကြားခဲ့ပါဘူး။ Maxi Road Trading နဲ့  Aero Sofi တို့ဟာ လုပ်ငန်းလုပ်ကိုင်မှုမရှိကြတော့ပါဘူးလို့ သီဟမျိုးညွန့်က ပြောပါတယ်။

ဇူလိုင်လအတွင်းမှာတော့ Maxi Road Tradingက စင်ကာပူရဲ့ ကုမ္ပဏီမှတ်ပုံတင်ရုံးကို စောစောပိုင်း လအနည်းငယ်ကတည်းက လုပ်ငန်းရပ်ဆိုင်းထားပြီဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

King Royal ကလည်းမေးခွန်းတွေကို ပြန်လည်ဖြေကြားမှုမရှိခဲ့ပါဘူး။ ရဲအောင်အောင်တင်ကလည်း မှတ်ချက်ပေးဖို့ပျက်ကွက်ခဲ့ပါတယ်။

တက်စ်ထရွန်အနေနဲ့ လွန်ခဲ့တဲ့နှစ် ၃၀ အတွင်းမြန်မာနိုင်ငံကို စုစုပေါင်းလေယာဉ် ၅ စီး တိုက်ရိုက်ရောင်းချခဲ့ပြီး အာဏာမသိမ်းမီကတည်းက  လေယာဉ်အစိတ်အပိုင်းတွေ တိုက်ရိုက်ရောင်းချတာကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မေးနာ့ဒ်က ပြောပါတယ်။

အမှောင်ကျသွားခြင်း

အာဏာသိမ်းပြီးကတည်းက  စစ်အစိုးရခေါင်းဆောင်တွေရဲ့ မိသားစုတွဟာ သူတို့ရဲ့အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ကြတာပါ။ အိုင်ဗင်ထက်မိန်းမ ထူထောင်ထားတဲ့ အင်ဂျင်နီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရး ဝန်ဆောင်မှုကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာတော့ “ပြင်ဆင်နေဆဲဖြစ်သည်”ဆိုတဲ့ စာနဲ့ အစားထိုးထားတာ တွေ့ရပါတယ်။

မောင်မောင်ကျော်ရဲ့မိသားစုဟာ သိပ်မကျော်ကြားပေမဲ့ သူဦးဆောင်တဲ့လေတပ်ကတော့ စစ်အစိုးရရဲ့ အာဏာအုတ်မြစ်ချတဲ့အလုပ်မှာ အရေးပါတဲ့အခန်းကဏ္ဍက ရှိနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဗမာအများစုပါဝင်တဲ့နိုင်ငံကနေ လွတ်လပ်ရေးရဖို့ ဆယ်စုနှစ်များစွာတိုက်ပွဲဝင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရက ဒါကို သင့်မြတ်စေဖို့ ကြားဝင်စေ့စပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ချုပ်ငြိမ်းလုဆဲပဋိပက္ခတွေဟာ အာဏာသိမ်းမှုစကတည်းက ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပါတယ်။ တချို့တိုင်းရင်းသားလက်နက်ကိုင်တွေက အရပ်သားဆန္ဒပြသူတွေကို သူတို့ဆီမှာ လက်ခံခဲ့တဲ့အလျှောက်၊ စစ်တပ်ကိုတိုက်ခိုက်ခြင်းဟာ အားလုံးရဲ့ဘုံသဘောဆောင်တဲ့ လုပ်ငန်းအဖြစ်တွေ့ရှိခဲ့ပါတယ်။

ကရင်ပြည်နယ်မှာဆိုရင်၊ တိုင်းပြည်ရဲ့ လက်နက်ကိုင်အုပ်စုတခုဖြစ်တဲ ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ အခုအချိန်မှာ စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ တသားတည်းဖြစ်ကြောင်း ဖေါ်ထုတ်ပြသခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်တဲ့ ဖရီးဘားမားရိန်းဂျားရဲ့အဆိုအရ၊ မတ်လကုန်ပိုင်းမှာ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် ယောကျ်ားလေးတယောက်အပါအဝင် လူများစွာသေကျေခဲ့ကြောင်းသိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာပဲ ၁၂ နှစ်အရွယ်အမျိုးသမီးကလေးတဦးဟာ မျက်နှာမှာ ဗုံးစတွေ ထိမှန်ခံခဲ့ရပေမဲ့ အသက်မသေခဲ့ပါဘူး။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ တောနက်ထဲ ထွက်ပြေးကြရပြီး တချို့ထိုင်းနယ်စပ်မှာ ခိုလှုံနေကြရပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ လင်းထက်၊ မွန်ရည်နဲ့ တခြားသုံးယောက်တို့ ပြင်သစ်စားသောက်ဆိုင်တခုရဲ့ဘားမှာ ညစာစားနေတဲ့ဓာတ်ပုံကို တွေ့ရမှာပါ။ ဧပြီ ၁၅ ရက်နေ့က အင်စတာဂရန်ပို့စ်မှာတော့ မွန်ရည်က အလုပ်နဲ့ဘဝကိုချိန်ညှိခြင်းဆိုတဲ့ စတစ်ကာပေါ်က အမှတ်အသားတခုကို ဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီထဲကတယောက်ကတော့ အဲရစ်အန်းဂ်ပါ၊ သူဟာ ဘဲလ်ရဟတ်ယာဉ်တွေရဲ့ဒေသဆိုင်ရာ အရောင်းမန်နေဂျာဖြစ်ပါတယ်။ အဲဒီမှာ လင်းထက်တို့မိသားစုနဲ့ ဘာလုပ်နေသလဲဆိုတဲ့ ရိုက်တာကမေးမြန်းတဲ့မေးခွန်းကိုတော့သူက ဖြေကြားမှုမပြုခဲ့ပါဘူး။

တချိန်တည်းမှာပဲ  မေ ၁၇ ရက်မှာ  လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ရဲ့သား အိုင်ဗင်ထက်ကို စစ်အစိုးရခေါင်းဆောင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ အမေရိကန်အစိုးရဘဏ္ဍာရေးဌာန ပြောရေးဆိုခွင့်ရှိသူက အိုင်ဗင်ထက်ရဲ့အကြောင်းကို မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေဟာ နာမည်ပျက်စာရင်းထဲပါပြီးဖြစ်ကြောင်းပြောပါတယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုတွေအပေါ် သို့မဟုတ် စစ်အစိုးရကို အကျိုးဖြစ်စေမယ့် ငွေလွှဲပြောင်းတာတွေ လုပ်ပေးတဲ့အပေါ်၊ ဒါ့အပြင်မိသားစုဝင်တွေအနေနဲ့ ဆိုးသွမ်းတဲ့အာဏာသိမ်းမှု အပေါ်တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ဆက်စပ်ပတ်သက်မှုအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာတော့ အိုင်ဗင်ထက်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ဆိုရှယ်မီဒီယာပစ်မှတ်တခုဖြစ်နေပါပြီ။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေကို ဖေါ်ထုတ်ပြီး အရှက်မဲ့တဲ့လုပ်ဆောင်ချက်တွေကို ရှုတ်ချတဲ့စည်းရုံးလှုံ့ဆော်မှုတွေကို အာဏာသိမ်းဆန့်ကျင်သူတွေက လုပ်ဆောင်နေပါပြီ။ သူတို့ရဲ့မိတ်ဆွေတွေကိုလည်း တပ်မိသားစုအသိုင်းအဝိုင်းကို ရှောင်ကျဉ်ကြဖို့ တောင်းဆို ဆော်ဩနေကြပါပြီ။

အိုင်ဗင်ထက်ရဲ့ဖုံးကွယ်ထားတဲ့ ဖေ့ဘွတ်ခ်ပရိုဖိုင်းပုံက အမှတ်တံဆိပ်မှာတော့ သူဟာ အနိုင်ကျင့်သူတွေရဲ့စည်းရုံးလှုံ့ဆော်မှုသားကောင်ဖြစ်နေပါပြီလို့  ဖေါ်ပြထားပါတယ်။

REF- ရိုက်တာစုံစမ်းဖေါ်ထုတ်မှုများ

ဘာသာပြန်ဆိုသူ = အေးမင်း(တာမွေ) 

(REUTERS သတင်းဌာနမှာ ဖော်ပြထားတဲ့ " How family of a Myanmar junta leader are trying to cash in" စုံစမ်းဖော်ထုတ် သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024