“သတ္တိရှိရင် ကျနော်တို့အဖွဲ့တွေကို နိုင်အောင်တိုက်ပေါ့” PRA တပ် ပြန်ကြားရေးတာဝန်ခံ

စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်နေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပြီး သတ္တိရှိပါက PRA တပ်ဖွဲ့တွေကို နိုင်အောင်တိုက်ဖို့   ပြည်သူ့တော်လှန်ရေးတပ်မတော်က စိန်ခေါ်လိုက်ပါတယ်။

စစ်ကောင်စီတပ်များဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့တာတွေ လုပ်ဆောင်တာကြောင့် အခုလို စိန်ခေါ်လိုက်တာလို့ PFR တပ်ရဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီရဲ့ လူမဆန်စွာ လုပ်ရပ်အပေါ် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ပြင်းထန်စွာ ရှုတ်ချကြောင်း၊ စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အေးချမ်းသာစံပြကျေးရွာက လက်နက်မဲ့ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ PRA တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။

“လက်နက်မဲ့သူကို အခုလို ဖမ်းဆီးသတ်ဖြတ်တာဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အနေနဲ့ ဒီလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ။ သတ္တိရှိရင် ကျနော်တို့အဖွဲ့တွေကို နိုင်အောင်တိုက်ပေါ့။ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်က အောက်တန်းစား မိန်းမတွေရဲ့ လုပ်ရပ်ပါ။ မိန်းမတောင် မိန်းမကောင်းမဟုတ်ဘူးနော်။ အောက်တန်းစားမိန်းမဗျ။ ရိုင်းရိုင်းပြောရရင် ကြေးစားမိန်းမပေါ့ဗျာ။” 

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဟာ ပြည်သူက ပေါက်ဖွားလာတာဖြစ်တာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာသူမှန်သမျှအား ရတဲ့နည်းလမ်းနဲ့ တိုက်ခိုက်သွားမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူနဲ့ ကျေးရွာအတွင်းရှိ အိုးအိမ်ပစ္စည်းတွေကို နောက်နောင် လုံးဝ သတ်ဖြတ်၊ ဖျက်ဆီးတာတွေ မပြုလုပ်ဖို့ PRA က အပြင်းအထန်သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up