
စစ်တပ်က အာဏာသိမ်းပြီးနောက် ၇ လကျော် ကာလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ စုစုပေါင်း ၁၄၄ ဒသမ ၈ သန်း လောက် ထုတ်ရောင်းခဲ့ ပါတယ်။
အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့မှာ ဒေါ်လာ ၆ ဒသမ ၈ သန်းကို ပျမ်းမျှ တစ်ဒေါ်လာလျှင် ကျပ် ၁၃၈၂ ဒသမ ၆ နှုန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီနောက် ဧပြီလထဲမှာ ၆ သန်းစီ ၂ ကြိမ်ထုတ်ရောင်းခဲ့ပြီး ၁၅၈၄ ဒသမ ၇ ကျပ်နဲ့ ၁၅၆၀ ဒသမ ၁ ကျပ်နှုန်းနဲ့ ဖြစ်ပါတယ်။
မေလထဲမှာတော့ ၆ ကြိမ်ထုတ် စုစုပေါင်း ဒေါ်လာ ၂၄ သန်း ရောင်းချခဲ့ပါတယ်။ ၅ ကြိမ်မှာ တဒေါ်လာကို ကျပ် ၁၆၅၀ ကနေ ၁၆၅၅ ဝန်းကျင်နဲ့ရောင်းချခဲ့ပြီး လကုန်ပိုင်း နောက်ဆုံးရောင်းတဲ့ ၃ သန်းကိုတော့ ၁၅၈၀ ကျပ်နှုန်းနဲ့ ရောင်းခဲ့ပါတယ်။
ဇွန်လမှာတော့ ၁၂ သန်းကို ၃ ကြိမ်ခွဲရောင်းချပြီး တစ်ဒေါ်လာကို ကျပ် ၁၅၉၀ ကျပ်ကနေ ၁၅၉၅ ဝန်းကျင်ဖြစ်ပါတယ်။
ဇူလိုင်လမှာ ရက်ဆက်ဆိုသလို ထုတ်ရောင်းခဲ့တာကြောင့် ၁၂ ကြိမ်ရောင်းချပြီး စုစုပေါင်း ဒေါ်လာ ၃၉ သန်း ရောင်းချပါတယ်။ ဒီလမှာတော့ တဒေါ်လာကို ၁၆၂၅ ကျပ်နဲ့ အထက်ကို ရောက်လာပြီဖြစ်ပါတယ်။
ဩဂုတ်လထဲမှာ ၇ ကြိမ်ရောင်းချခဲ့ပြီး တရက်တည်း ဒေါ်လာ သိန်း ၁၀၀ ထုတ်ရောင်းတာကြောင့် ဒုတိယ ပမာဏ အများဆုံးရောင်းတာလည်း ဖြစ်ပါတယ်။ တလလုံးမှာတော့ ၂၈ သန်းရောင်းချပြီး တဒေါ်လာကို ကျပ် ၁၆၅၀ လောက်ကနေ ၁၆၆၃ လောက်နဲ့ ရောင်းချခဲ့တာပါ။
အခု စက်တင်ဘာလမှာတော့ ၂ ကြိမ်ပဲ ထုတ်ရောင်းထားပေမဲ့ တကြိမ်တည်း ပမာဏအများဆုံးဖြစ်တဲ့ ၁၅ သန်းနဲ့ တတိယအများဆုံးဖြစ်တဲ့ ၈ သန်းကို ထုတ်ရောင်းထားပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့မှာ ၁၅ သန်းထုတ်ရောင်းပြီး ၁၅ ရက်နေ့မှာ ၈ သန်းထပ်ရောင်းတာကြောင့် ၂ ကြိမ်တည်းနဲ့ တခြားလတွေ တလလုံးရောင်းတာလောက်ကို ထုတ်ရောင်းထားတာပါ။ လေလံပျမ်းမျှနှုန်းကတော့ ၁၇၅၀ ကျပ်ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေဈေးနှုန်းတွေတက်ပြီး မြန်မာငွေတန်ဖိုး ထိုးကျလာခဲ့ကာ ၇ လ ကျော်အတွင်းမှာ ဗဟိုဘဏ်က ဒေါ်လာ သန်းပေါင်း ၁၄၄ ဒသမ ၈ သန်း ရောင်းချခဲ့ပါတယ်။