
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာက ဖမ်းဆီးခံထားရတဲ့ ရွာသူ ၊ ရွာသား အယောက် ၄၀ ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက် ဒီကနေ့ ပြန်လွှတ်ပေးခဲ့ပေမယ့် အားလုံး ရိုက်နှက်နှိပ်စက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ပိုင်းကို စစ်သားတွေ ပြန်ထွက်သွားတယ်။ ဖမ်းခံထားရသူတွေ ပြန်လွှတ်ပေးတယ်။ အားလုံး နှိပ်စက်ခံထားရတယ်။ စစ်သားတွေထွက်သွားလို့ ရွာသူရွာသားတွေရွာထဲ ပြန်လာပြီး သန့်ရှင်းရေးလုပ်နေတာ၊ ခုပြန်ဝင်လာလို့ပြန်ပြေးနေရပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပန်းရွာကို စစ်အုပ်စုက စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ဝင်ရောက်မွှေခဲ့ပြီးနောက် ရွာထဲက အိမ်အကောင်းတွေကို ဝင်ရောက်ရှာဖွေမွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
"ရွာထဲမှာ မပြေးနိုင်တဲ့သူတွေ ကျန်ခဲ့တယ်။ စစ်သားတွေက အိမ်အကောင်းတွေဆို ဝင်မွှေ ထားတယ်၊ သေတ္တာဆိုသော့ဖျက်ပြီး မွှေတယ်။ ဘီရိုတွေလည်း အဝတ်တွေ အကုန်ဖယ်ပြီး ရှာထားတယ်။ သော့ခတ်ထားတဲ့အိမ်ဆိုရင်လည်း သော့ဖျက်ပြီးရှာတယ်။ ဘီယာသောက်ပြီးတော့ တောင် ဘူးထောင်ခဲ့သေးတယ် "လို့ရွာသားတစ်ဦးကပြောပါတယ်။
စစ်သားတွေရွာထဲကထွက်သွားတာကြောင့် ရွာကိုပြန်လာပြီး အိမ်ကိုသန့်ရှင်းရေး ပြန်လုပ် နေကြစဉ် စစ်အုပ်စုက ပြန်ဝင်လာလို့ ထပ်မံထွက်ပြေးနေရပြီး ဖမ်းဆီးရိုက်နှက်ခံရမှာကို စိုးရိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာမှာ စက်တင်ဘာ ၁၄ ရက်ကစပြီး အင်တာနက်တွေ ဖြတ်တောက်ခံထားရပြီး Mytel တမျိုးတည်းသာ အင်တာနက်အသုံးပြုလို့ရပေမယ့် Mytel အသုံးပြုသူနည်းတာကြောင့် အင်တာနက် အသုံးပြုလို့မလွယ်ဘူးလို့ သိရပါတယ်။