ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ သေဆုံးပြီး အမျာအပြားဒဏ်ရာရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က ၄ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ကန်ပက်လက် CDF က ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့အရှေ့ဘက် ၆ မိုင်လောက်အကွာမှာ CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေမယ့်လည်း ကန်ပက်လက် CDF ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က ကန်ပက်လက်မြို့ပေါ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်က နေအိမ်တစ်ချို့ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ကန်ပက်လက်မြို့ပေါ်က မိဘပြည်သူတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ထပ်မံသတိပေးထားပါတယ်။
ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ်မှာ မနေ့ကလည်း ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာ ရရှိခဲ့မှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။