Home
ဆောင်းပါး
နိုင်ငံတကာဒီမိုကရေစီနေ့နဲ့ တတိယနောက်ပြန်လှိုင်း
DVB
·
September 15, 2021

စက်တင်ဘာ ၁၅ ရက်နေ့ကို နိုင်ငံတကာဒီမိုကရေစီနေ့လို့ ကုလသမဂ္ဂက ၂၀၀၇ မှစပြီး သတ်မှတ်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပဲ အဖွဲ့ဝင်နိုင်ငံတွေအားလုံး ဒီမိုကရေစီကို ကမ္ဘာလုံးဆိုင်ရာတန်ဖိုးတခုအဖြစ် လက်ခံလာစေဖို့ အစိုးရတွေရော ပြည်သူတွေကြားမှာပါ တိုးမြှင့် လုပ်ဆောင်စေလိုတာပါပဲ။ အကြောင်းမလှတော့ ကမ္ဘာ့ဒီမိုကရေစီက ၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်း ဆုတ်ကပ်ကြီး ကြုံနေရပါတယ်။ 

ဒီမိုကရေစီနဲ့ပတ်သက်လို့ ရှည်လျားတဲ့သမိုင်းကြောင်းတွေရှိပေမဲ့၊ ခေတ်သစ်ကမ္ဘာမှာ ဒီမိုကရေစီ အုံနဲ့ကျင်းနဲ့ ဖြစ်ထွန်းမှု လှိုင်းသုံးလှိုင်းရှိတယ်ဆိုတာကို လေ့လာသူတိုင်း သိကြပါတယ်။ ဆင်မျူရယ် ပီ ဟန်တင်တန် ၁၉၉၁ က ရေးတဲ့ ‘တတိယလှိုင်း’  ဒီမိုကရက်တိုက်ဇေးရှင်းစာအုပ်က ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်တွေကို အသေးစိပ် သုံးသပ်ထားပြီး နိုင်ငံရေးသိပ္ပံသမားတိုင်း ဖတ်ဖူးကြပါတယ်။ 

ဒီနှစ် ဒီမိုကရေစီနေ့အတွက် အဲဒီကမ္ဘာ့ဒီမိုကရေစီဖြစ်ထွန်းမှု လှိုင်းသုံးလှိုင်းနဲ့ နောက်ပြန်လှိုင်းတို့ကို အကျဉ်းချုပ် ပြန်ပြောချင်ပါတယ်။ ပထမလှိုင်းက ၁၈၂၀ ဝန်းကျင်မှာ စတင်ခဲ့ပြီး၊ ၁၉၂၆ မှာ ဒီမိုကရေစီနိုင်ငံ ၂၉ နိုင်ငံအထိ ရှိလာတယ်။ ပထမလှိုင်းကာလက ရှည်လျားပြီး အမျိုးသားတွေ မဲပေးခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့တယ်။ ဒါပေမဲ့ ၁၉၂၂  အီတလီမှာ မူဆိုလီနီ အာဏာရချိန်ကစလို့ ဖက်ဆစ်ဝါဒ တစစ အားကောင်းလာပြီး၊ ပထမနောက်ပြန်လှိုင်း ဝင်လာတယ်။ ၁၉၄၂ မှာ ဒီမိုကရေစီ ၁၂ နိုင်ငံအထိ ပြန်ကျဆင်းသွားခဲ့တယ်။  

ဒီမိုကရေစီဒုတိယလှိုင်းကတော့ ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်နိုင်ငံတွေရဲ့အောင်ပွဲကြောင့် ဖြစ်ပေါ်လာတယ်။ ၁၉၆၂ မှာ ဒီမိုကရေစီနိုင်ငံ ၃၆ နိုင်ငံအထိ ရှိလာတယ်။ အံဩစရာကတော့ ကမ္ဘာစစ်ကြီးကနေ ဒီမိုကရေစီ နိုင်ငံအတော်များများ မွေးထုတ်လိုက်တာပါ။ ဒါပေမဲ့ ဒုတိယနောက်ပြန်လှိုင်း ၁၉၆၀-၁၉၇၅ မှာ ဝင်လာခဲ့ပြီး ဒီမိုကရေစီနိုင်ငံ ၃၀ ပဲ ကျန်ပါတယ်။ အဲဒီကာလ ကမ္ဘာ့နေရာအတော်များများမှာ အာဏသိမ်းမှုတွေဖြစ်သလို၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် တစ်ပါတီစနစ်တွေလည်း အားကောင်းနေခဲ့တယ်။ 

၁၉၇၄ နဲ့ ၁၉၉၀ ကြားမှာ ဒီမိုကရေစီတတိယလှိုင်းဖြစ်ထွန်းပြီး နောက်ထပ် နိုင်ငံပေါင်း ၃၀ ဒီမိုကရေစီ ကူးပြောင်းလာတယ်။ ဒီမိုကရေစီနိုင်ငံပေါင်း ၆၀ ကျော် ရှိလာတယ်။ တတိယလှိုင်းနဲ့ပတ်သက်လို့ ပြောစမှတ်တွင်တာက ဒီမိုကရေစီနဲ့ ခရစ်ယာန်ဘာသာရဲ့ ဆက်နွှယ်မှုပါ။ ၁၉၇၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ ပရိုတက်စတင့်ဘာသာနိုင်ငံတွေ ဒီမိုကရေစီဖြစ်လာတယ်။ ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကက်သိုလစ်ဘာသာနိုင်ငံတွေ ဒီမိုကရေစီ ဖြစ်လာတယ်။ ပေါ်တူဂီ၊ စပိန်တို့မှာ ဒီမိုကရေစီ စတင်ပြီး တောင်အမေရိက ခြောက်နိုင်ငံ၊ ဗဟိုအမေရိက သုံးနိုင်ငံ၊ နောက် အာရှက ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယား၊ အဲဒီကမှ မက္ကစီကိုနဲ့ ချီလီ၊ အရှေ့ဥရောပက ပိုလန်နဲ့ ဟန်ဂေရီ ။ ၁၉၇၄ နဲ့ ၁၉၈၉ ကြား ဒီမိုကရေစီကူးပြောင်းခဲ့တဲ့ နိုင်ငံတွေအနက် လေးပုံသုံးပုံက ကက်သိုလစ်နိုင်ငံတွေပါ။ ကမ္ဘာ့ဒီမိုကရေစီတတိယလှိုင်းက ကက်သိုလစ်လှိုင်း လို့တောင်  ပြောစမှတ်ဖြစ်ပါတယ်။

အကြောင်းရင်း လေးခု

အဲဒီလို အုံနဲ့ကျင်းနဲ့ ဒီမိုကရေစီကူးပြောင်းမှု တတိယလှိုင်းကို ဖြစ်စေတဲ့ အဓိက အချက်လေးချက်ရှိတယ်လို့ ပါမောက္ခဟန်တင်တန်က ကောက်ချက်ချတယ်။ 

ပထမအချက်က ရောမ ကက်သိုလစ်ကျောင်းတော် ဗာတီကန် ဒုတိယကောင်စီရဲ့ ၁၉၆၃-၆၅ ဆုံးဖြတ်ကြေညာချက်ပါ။ ကမ္ဘာတလွှားရှိ ကက်သလိုလစ်ကျောင်းတော်တွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီဘက် ပြတ်ပြတ်သားသားရပ်ဖို့၊ အဖိနှိပ်ခံလူထုကို ကာကွယ်ပေးဖို့ ကြေညာလိုက်တာပါ။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) က ခရစ်ယာန်ဘာသာနဲ့ ဒီမိုကရေစီဟာ ဆက်စပ်မှုရှိတယ်လို့ တရားဝင် ပြောဆိုလိုက်ပြီး အာဏာရှင်တွေကြီးစိုးနေတဲ့ ခရစ်ယာန်နိုင်ငံတွေကို ခရီးထွက်တယ်။ သူ့ခရီးစဉ်က အာဏာရှင်တွေအပေါ် ရိုက်ခတ်မှုဖြစ်သလို၊ ဘာသာဝင်တွေအတွက် အာဏာရှင်ဆန့်ကျင်ရာမှာ ဆုံးဖြတ်ချက် အင်အားတွေ ဖြစ်စေတယ်။ ကျောင်းတော်အသီးသီးနဲ့ ဘာသာရေးခေါင်းဆောင်တွေကလည်း ဒီမိုကရေစီအတွက် အပြင်းအထန် လျှို့ဝှက်လှုပ်ရှားကြတယ်။ 

ဒီနေရာမှာ ဘယ်ဘာသာက ပိုကောင်းတယ် ပိုမကောင်းဘူးဆိုတာထက်၊ ဘာသာရေးခေါင်းဆောင်တွေက အဖိနှိပ်ခံပြည်သူတွေဘက်က ဘယ်လောက်ရပ်သလဲ၊ လွတ်လပ်မှုကို ဘယ်လောက် အကာအကွယ်ပေးသလဲ ဆိုတာက ဒီမိုကရေစီဖြစ်ထွန်းမှုအတွက် အရေးကြီးပါတယ်။ 

ဒုတိယအချက်က အာဏာရှင်အစိုးရတိုင်း တရားဝင်မှု (legitimacy) ပြဿနာ အမြဲကြုံရပါတယ်။ အခြေအနေ အရပ်ရပ်ဆိုးရွားနေတဲ့နောက် အာဏာရှင်တွေဟာ ရေရှည်ဆက်သွားဖို့ ခက်ခဲလာသလို ပြည်တွင်းပြည်ပ တရားဝင်မှုလည်း လိုအပ်နေတယ်။ တရားဝင်မှုရရှိဖို့ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်း ဒီမိုကရေစီ ကူးပြောင်းမှုတွေ ဖြစ်ပေါ်လာပါတယ်။ (လက်ရှိ မြန်မာစစ်ကောင်စီက ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဝင်မှုကို အသည်းအသန် လိုချင်နေပေမဲ့ ဘာမှ ပြုပြင်ပြောင်းလိုစိတ် မရှိပါဘူး။)

တတိယအချက်က ၁၉၆၀ ပြည့်နှစ်တွေအတွင်း နိုင်ငံအတော်များများ စီးပွားရေးတိုးတက်မှုနဲ့ လူလတ်တန်းစားများလာမှုကြောင့် ဒီမိုကရေစီကူးပြောင်းလာတယ်။ ဖွံ့ဖြိုးရေးသီအိုရီတခုအရ ၁၉၅၀ နဲ့ ၁၉၉၀ ခုနှစ်အကြား၊ နိုင်ငံတနိုင်ငံဟာ တဦးချင်းဝင်ငွေ ဒေါ်လာ ၁၅၀၀ အောက်ဆိုရင် ဒီမိုကရေစီ ပျမ်းမျှ ရှစ်နှစ်လောက်ပဲ ကြာတယ်။ တဦးချင်းဝင်ငွေ ဒေါ်လာ ၁၅၀၀ နဲ့ ၃၀၀၀ ကြားဆိုရင် ဒီမိုကရေစီ ၁၈ နှစ် ခံတယ်။ တဦးချင်းဝင်ငွေ ဒေါ်လာ ၆၀၀၀ အထက်ရှိလာရင် ဒီမိုကရေစီ တောင့်တင်းခိုင်မာလာပြီလို့ ဆိုထားတယ်။ (လက်ရှိ တဦးချင်းဝင်ငွေ ဒေါ်လာ ၉၀၀၀ အထက် ရှိတဲ့ နိုင်ငံ ၃၂ နိုင်ငံဟာ ဒီမိုကရေစီနောက်ပြန်ဖို့ ခက်ခဲပါတယ်။ Martin Lipset, Economic Development and Political Legitimacy) 

စတုတ္ထအချက်က ပြင်ပသက်ရောက်မှုတွေကြောင့် အ‌ပြောင်းအလဲတွေ ဖြစ်လာတယ်။ ဘာလင်တံတိုင်းပြိုလဲမှု၊ ဆိုဗီယက်ပြည်ထောင်စုပြိုလဲမှု၊ ဥရောပသမဂ္ဂကျယ်ပြန့်မှု၊ အမေရိကန်ဝင်ရောက်စွက်ဖက်မှုစတာတွေက သက်ဆိုင်ရာနိုင်ငံငယ်တွေမှာ ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စေခဲ့တယ်။ 

တတိယနောက်ပြန်လှိုင်း 

ဟန်တင်တန်က အဲဒီတတိယလှိုင်းဖြစ်စဉ်ဟာ  သိပ်ပျော်နေဖို့မဟုတ်ဘဲ သူ့နောက်မှာ တတိယနောက်ပြန်လှိုင်း

(third reverse wave) ဝင်လိုက်လာဖို့ရှိတာကို သူ့စာအုပ်မှာ ကြိုသတိပေးထားပါတယ်။ သူပြောတဲ့အတိုင်း အသေအချာ ဖြစ်တော့တာပါပဲ။ တတိယလှိုင်းဒီမိုကရေစီဖြစ်စဥ်က အားရစရာ အလွန်ကောင်းခဲ့ပါတယ်။ ၁၉၈၉ ဘာလင်တံတိုင်းပြို၊ ၁၉၉၁ ဆိုဗီယက်ပြိုလဲမှုတို့နဲ့အတူ အနောက်အရင်းရှင်ဒီမိုကရေစီ အောင်ပွဲခံခဲ့ပြီး နိုင်ငံအတော်များများ ဒီမိုကရေစီ၊ ဈေးကွက်စနစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းအောက် ပါလာခဲ့တယ်။ သို့သော် ဟန်တင်တန် ဟောတဲ့အတိုင်း ကြာကြာမပျော်လိုက်ကြရပါဘူး။

၂၀၀၁ အမေရိကန်ကုန်သွယ်ရေးစင်တာ အကြမ်းဖက်တိုက်ခိုက်ခံရမှု (၉/၁၁) ကို တတိယလှိုင်းနောက်ပြန်မှုရဲ့ အစလို့လည်း ယူဆကြတယ်။ ၂၀၁၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ အရပ်နွေဦးလို ဒီမိုကရေစီရုန်းကန်မှုတွေ ရှိလာပေမဲ့ တူနီရှားတစ်နိုင်ငံကလွဲလို့  ဒီမိုကရေစီလမ်းကြောင်းပေါ် ဟုတ်ဟုတ်ငြားငြား ဖြစ်မလာပါဘူး။ အစ္စလာမ်စစ်သွေးကြွတွေက အနောက်လစ်ဘရယ်ဒီမိုကရေစီကို အတော်ခြိမ်းခြောက်နိုင်ပြီး ဒီမိုကရေစီဘိုးအေ အမေရိကန်ဟာ အဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲကြီးနှစ်ပွဲမှာ  နွံနစ် ခြေကုန်လက်ပန်းကျသွားပါတယ်။ ဆက်တိုက်ဖြစ်လာတာက ၂၀၀၈  အမေရိကန် အိမ်ခြံမြေပြိုလဲမှုကနေ ကူးစက်သွားတဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း၊ စီးပွားရေးကျဆင်းမှုနဲ့ မိုက်ဂရေးရှင်းပြဿနာတို့ပါ။ 

အကျိုးဆက်က ဥရောပနဲ့ ကမ္ဘာ့နေရာ အတော်များများမှာ အမျိုးသားရေးဝါဒီတွေ၊ ပေါ်ပြူလစ်အာဏာရှင်တွေ အလျှိုအလျှို ပေါ်ထွက်လာတယ်။ သမ္မတရေဂင်နဲ့ မာဂရက်သက်ချာ တို့ကစခဲ့တဲ့ နီယိုလစ်ဘရယ်ဝါဒက ပြဿနာအားလုံးရဲ့တရားခံလို့ အပြောခံနေရပြီး၊ လစ်ဘရယ်ဒီမိုကရေစီဟာလည်း ခံစစ်အနေထား ရောက်သွားတယ်။  တစ်ဖက်မှာလည်း တရုတ်နဲ့ ရုရှားလို စမတ်ကျတဲ့အာဏာရှင်တွေက ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အမေရိကကို ပုခုံးချင်းယှဉ်လာပါတယ်။ 

Freedom House အဖွဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ကမ္ဘာတလွှားမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ အရပ်ဘက်လွတ်လပ်ခွင့်တွေက တိုးတက်မလာဘဲ အများကြီး ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားတယ်။ ၂၀၁၅ နောက်ပိုင်း ပိုဆိုးလာပြီး၊ ၁၉၇၄ မှာ စတင်ခဲ့တဲ့ တတိယလှိုင်းဒီမိုကရေစီလှိုင်းဟာ ၂၀၁၅- ၂၀၁၉ ငါးနှစ်အတွင်း ဒီမိုကရေစီ ၁၂ နိုင်ငံ နောက်ကြောင်းပြန်သွားလို့ ဖော်ပြထားတယ်။

နိုင်ငံရေးပညာရှင် လာရီဒိုင်းမွန်းက စီးပွားရေးကျဆင်းမှု (economic recession)  စကားလုံးကိုယူပြီး ‘ဒီမိုကရေစီ ကျဆင်းမှု’ (democratic recession) ကာလလို့ ဆိုပါတယ်။ စီအင်အင်သတင်းသုံးသပ်သူ ဖားရိဒ်ဇာခါရီယားက ရွေးကောက်ပွဲဒီမိုကရေစီတော့ ရှိပြီး၊ လွတ်လပ်ခွင့်တွေ ပိတ်ပင်ချိုးဖျက် ဖိနှိပ်လာနေတဲ့ အစိုးရတွေကို ‘လစ်ဘရယ်မဲ့ဒီမိုကရေစီ’ (Illiberal Democracy) လို့ ခေါ်ဆိုပါတယ်။ 

ရရှိထားပြီးသား ဒီမိုကရေစီကို ပြန်ဖျက်ဆီးပစ်နေတဲ့ အဆိုပါ ‘လစ်ဘရယ်မဲ့ ပေါ်ပြူလစ်’ ခေါင်းဆောင်တွေကို ဘရာဇီး၊ အိန္ဒိယ၊ မက္ကစီကို၊ ပိုလန် တို့မှာ တွေ့မြင်လာရတယ်။ ဟန်ဂေရီ၊ ဖီလစ်ပိုင်၊ တူရကီ၊ ဗင်နီဇွဲလား တို့က အာဏာရှင်စနစ်ဆီ ပြန်သွားနေတယ်။ ဂျော်ဂျီယာ၊ အယ်လ် ဆာဗေးဒိုး၊ ပီရူး၊ အမေရိကန်တို့မှာ ရွေးကောက်ပွဲ မဲရလဒ်အပေါ် လုပ်ကြံစွပ်စွဲမှုတွေနဲ့ ရှုပ်ထွေးခဲ့တယ်။ ကမ္ဘာ့ဒီမိုကရေစီ သက်တမ်းရင့် ဦးဆောင်နိုင်ငံကြီးမှာ ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အဦ Capitol ထဲ ဝင်စီးမှုက အမေရိကန်ဒီမိုကရေစီ ရုပ်ပျက်ဆင်းပျက် ဖြစ်ရုံမက ကမ္ဘာ့ဒီမိုကရေစီပါ ရင်လေးစရာဖြစ်ခဲ့ရတယ်။ ရီပတ်ဘလစ်ကန်ပါတီကလည်း လူဖြူအမျိုးသားရေး ပိုရှေ့တင်လာပြီး  ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီတဲ့ အပြုအမူတွေ ပိုပြလာနေပါတယ်။ 

ပါမောက္ခဟန်တင်တန် ထောက်ပြခဲ့တာကတော့ ဒီမိုကရေစီပျံ့နှံ့မှုက တနေရာမှတစ်နေရာဆီ လှိုင်းလုံးသဖွယ် အပြုသဘောဆောင် တိုးတက်ပျံ့နှံ့တတ်သလိုပဲ၊ ဒီမိုကရေစီကျဆင်းမှုနဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကလည်း အုံနဲ့ကျင်းနဲ့ လှိုင်းသဖွယ် ကူးစက်ပျံ့နှံ့လေ့ရှိပါတယ်။ ဒါဟာ ကမ္ဘာ့ထူးခြားဖြစ်စဉ်ကြီးပဲ။ ဒီလို ကမ္ဘာ့ဒီမိုကရေစီ ကျဆင်းမှုလှိုင်းကြားထဲမှာ မြန်မာ့ဒီမိုကရေစီဟာ အခုအခါ  အသည်းအသန် ရုန်းကန်နေရပါတယ်။

ဆိုးတာကတော့ ဒီမိုကရေစီနောက်ပြန်လဲကျမှုအတွက် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အင်စတီကျူးရှင်းတွေဟာ မြန်မာမှာ မရှိသလိုပဲ၊ ၂၁ ရာစု ကမ္ဘာမှာလည်း မရှိသေးပါဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာစနစ်တွေက အာဏာရှင်တွေကို ထိထိရောက်ရောက် ဟန့်တားဖို့၊ ဒီမိုကရေစီကို ကာကွယ်ပေးဖို့ အသင့်မရှိကြတာ ဝမ်းနည်းစရာပါ။ ဒါကြောင့်ပဲ မြန်မာလူထုဟာ စစ်အာဏာရှင်အောက်က လွတ်မြောက်အောင် အတော့်ကို ရုန်းနေကြရပါတယ်။ 

ရဲမြင့်ကျော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024