ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄)အတွက် လူရွေးချယ်ပွဲကို စက်တင်ဘာ ၁၄ ရက်က ပြုလုပ်ရာမှာ အကြမ်းဖက် စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ပြီး ဗိုလ်လောင်းတွေကို စိစစ်ရွေးချယ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တက္ကသိုလ်ဟာ အနာဂတ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးရာ ကျောင်းတော်ကြီး တခုဖြစ်တာကြောင့် အရည်အချင်းပြည့်ဝပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ဗိုလ်လောင်းတွေ ထွက်ပေါ်လာဖို့ စနစ်တကျ ကြပ်မတ်မွေးထုတ်ပေးရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်က ပြောပါတယ်။
ဒါ့အပြင်ဗိုလ်လောင်းတွေကို အခြေခံနေထိုင်သွားလာ စားသောက်မှုပုံစံတွေကအစ အရာရှိတစ်ဦးနဲ့ လျော်ညီစွာ နေထိုင်သွားလာ ပြုမူတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိအောင် စနစ်တကျပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးဖို့၊ ရသင့်ရထိုက်တဲ့ စစ်ဝတ်အသုံး အဆောင်ပစ္စည်းတွေထုတ်ပေးဖို့နဲ့ တစ်နေ့တာ ရသင့်ရထိုက်တဲ့ အချိုးအစား အတိုင်း စနစ်တကျတွက်ချက် ချက်ပြုတ်ကျွေးမွေးဖို့ ပြောသွားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် ပြည်သူ လူထုအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် မျိုးဆက်သစ် လူငယ်တွေဟာ စစ်တပ်အပေါ် နာကျည်းမုန်းတီးမှုနှင့်အတူ နှစ်စဉ် ဝင်ခွင့်ခေါ်တဲ့ ဗိုလ်လောင်းသင်တန်း ဝင်ခွင့် မလျှောက်ကြတော့လို့ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမယ့် နောက်ဆုံးရက်ကို နှစ်ကြိမ် သက်တမ်းတိုး ခေါ်ယူခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကအကြောင်းပြချက်ကတော့ စစ်တက္ကသိုလ်ဗိုလ်လောင်းလျှောက်လွှာ ထုတ်ပေးတာ ၊တင်သွင်းတာ စတဲ့ကိစ္စတွေကို ကိုဗစ်ရောဂါကူးစက်မှုအခြေအနေအရ စက်တင်ဘာလကုန်အထိ လက်ခံပေးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတဆင့် ထုတ်ပြန်ထားပါတယ်။
မြေပြင်အခြေအနေမှာတော့ စစ်တပ်ကအာဏာမသိမ်းမီ ၂၀၂ဝ ဇူလိုင်မှာ ဖွင့်လှစ်ခဲ့တဲ့ OTS ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၁၂၄ ကို ဘွဲ့ရ အရပ်သားလျှောက်ထားသူဦးရေ ၃၀၀ လောက်ရှိခဲ့ပေမယ့် အခုနှစ်အတွက် OTS ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၁၂၅ ကိုတော့ လျှောက်ထားသူ မရှိဘူးလို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။
ဓာတ်ပုံ- DSINFO