စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အန်အယ်လ်ဒီထံပေးပို့သည့်စာ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

A general view of participants during of the 33nd ordinirary session of the Human Right Council. 13 September 2016. UN Photo / Jean-Marc Ferré

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီရဲ့  ပိုင်ဆိုင်မှုကို စစ်ဆေးဖို့အတွက်  ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်ကို  စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က စာနှစ်စောင် ပေးပိုခဲ့ပါတယ်။  

အဆိုပါ စာနှစ်စောင်ကို ရှေ့နေအဖွဲ့က စက်တင်ဘာ ၁၄ ရက် ဒီနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ   ပေးအပ်ခဲ့ပေမယ့် မယူခဲ့ဘူးလို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ရှေ့နေဦးခင်မောင်ဇော်က "ဒေါ်အောင်ဆန်းစုကြည်က စာအိတ်မှာပါတဲ့ လိပ်စာကိုကြည့်ပြီး သူ့ကို ပေးတာမဟုတ်ဘူးတဲ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုပေးတာတဲ့။ စစ်ဆေးဖို့အတွက်ဖိတ်တဲ့ကိစ္စ။ သူက ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ သူတစ်ယောက်တည်း ဆုံးဖြတ်ခွင့်မရှိဘူး။ ဒါကြောင့် ဒီကိစ္စကိုလက်မခံဘူးဆိုပြီးတော့ ပြန်ပေးလိုက်ပါတယ်ဗျ။ ရွေးကောက်ပွဲကော်မရှင်က ပေးတဲ့စာနှစ်စောင်ပါ" လို့ ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ပိုင်ဆိုင်မှုတွေနဲ့ ဝင်ငွေရတဲ့ လမ်းကြောင်းတွေကို စစ်ဆေးမယ်လို့ ဩဂုတ်လ ၁၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်အသစ်ကိုလည်း  ဖွဲ့စည်းခဲ့ပါတယ်။ 

စစ်ကောင်စီခန့်  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကလည်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ မသမာမှုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ အရေးယူဖို့ စဉ်းစား ဆောင်ရွက်သွားမယ်လို့  မေလ ၂၁ရက်နေ့မှာ ပြောဆိုထားပါတယ်။ 

တရုတ်နိုင်ငံကတော့ အန်အယ်လ်ဒီ ပါတီကို ဖျက်သိမ်းမယ့် စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို လက်မခံဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကိုယ်စားလှယ်က   ဩဂုတ်လအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ‌နိုင်ငံကိုယ်စားပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီလေးခုကို ဖိတ်ကြား တက်ရောက်စေခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ  စက်တင်ဘာ ၁၃  ရက်နေ့မှာ  ရုံးချိန်းကို ကားနဲ့အလာ ကားမူးပြီး ကျန်းမာရေးမကောင်းတာကြောင့် ရုံးချိန်းကို မတက်နိုင်ဘဲ  ခွင့်တိုင်ခဲ့ရပြီး ဒီကနေ့မှာတော့ ကျန်မာရေးပြန်သက်သာလို့  ဇမ္ဗူသီရိအထူးတရားရုံး၊ ရုံးချိန်းကို လာရောက်ခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up