Home
မြန်မာသတင်း
ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၄ သောင်း ဓားပြတိုက်မှုဖြင့် သီလရှင် ၂ ပါးအပါအဝင် ၇ ဦးကို စစ်ကောင်စီ ဖမ်းဆီးစွပ်စွဲ
DVB
·
September 14, 2021

ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲကနေ ရန်ကုန်ကိုပို့ဆောင်မယ့်  ငွေကျပ်ငွေသိန်း ၄ သောင်းလောက်  လမ်းမှာဓားပြတိုက်ခံမှုနဲ့ ပတ်သက်ပြီး သီလရှင် ၂ ပါးအပါအဝင် ၇ ဦးကို  ဖမ်းဆီးရမိတဲ့ အကြောင်းနဲ့  ပဲခူး PDF အဖွဲ့က လုပ်ဆောင်ခဲ့တာလို့  စစ်ကောင်စီပြန်ကြားရေးက စက်တင်ဘာ  ၁၄ ရက် ဒီကနေ့  စွပ်စွဲထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီးပြီး Toyota Hiace  ကားနှစ်စီးနဲ့ ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)ကနေ  ငွေကျပ် ၄ ဘီလီယံကို ယာဉ် ၂ စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ လောက်က ပြန်လည် ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅)၊ နေရာအရောက်ဓားပြတိုက်ခံရတာလို့ ဆိုပါတယ်။

ဓားပြတိုက်သူတွေဟာ ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်ပြီး လက်နက်ငယ် ၂ လက် ကိုင်ဆောင်ထားသူ ၂ ဦးနဲ့ အရပ်ဝတ် ဝတ်ဆင်ထားသူ ၄ ဦး၊ ပေါင်း ၇ ဦးတို့ဟာ ဘဏ်ကား ၂ စီးကို တားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦးရဲ့ ပါးစပ်၊ မျက်စိ၊ လက်တို့ကို တိပ်နဲ့ ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေတွေနဲ့ ဝန်ထမ်းတွေရဲ့ ဖုန်း ၃ လုံးကို ယူဆောင်ကာ  Hijet ကားနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပူတပြင်း စုံစမ်းစစ်ဆေး သဲလွန်စရှာဖွေ ဖော်ထုတ်ခဲ့ရာမှာ ဘဏ်ငွေဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ယူနီဖောင်းတွေ ပေးအပ်ခဲ့သူ ဆက်စပ်တရားခံ မြင့်မြင့်နိုင်ကို ည ၇ နာရီမှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ တိုက်တန်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။

မြင့်မြင့်နိုင်ရဲ့ ထွက်ဆိုချက်အရ ည ၁၀ နာရီမှာ မဟာစေတီ တိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာရဲ့ နေအိမ်မှာ မသင်္ကာဖွယ် အမျိုးသားတွေ ရောက်ရှိနေကြောင်း ဖော်ထုတ်ရရှိလို့ ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ဥမ္မာနဲ့အတူ ရန်လင်းထွေး၊ အောင်ပြည့်ခန့်နဲ့  ဘုန်းခန့်ကို တို့အား M79 ဗုံးပစ်လောင်ချာ ၁ လက်၊ ငွေကျပ်သိန်း ၇၀၀ ခန့်နဲ့ အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ စည်သူဖြိုးကတော့  တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ဓားပြတိုက်ဖြစ်စဉ်ပါ လက်နက်/ ခဲယမ်းနဲ့  ငွေကြေးတွေကို ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ သီလရှင်ကျောင်းတိုက်မှာ အပ်နှံထားကြောင်း သိရှိရလို့ ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတိုက်မှာ ဒေါ်ဥပ္ပသမာနဲ့ ဒေါ်ဓမ္မစာရီတို့ ၂ ဦးကို တွေ့ရှိရပြီး အပ်နှံထားတဲ့ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ၎င်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်း ၆ စုံ၊ ငွေစက္ကူ ထည့်ထားတဲ့ ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ် အပိုင်း ၂ ပိုင်း၊ ပလတ်စတစ် အနက်ရောင် အထုပ်သေး ၉ ထုပ်တို့အား ဆွမ်းစားဆောင်ကနေ  သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဆက်စပ်တရားခံ ကုလားကြီးဆိုသူကိုလည်း  သွားရောက်ဖမ်းဆီးခဲ့ရာ တိမ်းရှောင်နေတဲ့ အတွက် လူကို ဖမ်းမမိဘဲ ကီးပက်ဖုန်း ၁၀ လုံး၊ လက်လုပ်မိုင်း ဆက်စပ်ပစ္စည်းတွေနဲ့ ကျပ်  ၁၀၀၀၀ တန် ငွေစက္ကူ (၁၇) အုပ်အား သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၇ ဦး၊ M-79 ဗုံးပစ် လောင်ချာ (၁)လက်၊ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊  ကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊  ကျည်အိမ်မျိုးစုံ ၁၂ ခု၊ တခြားဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ဆိုပါတယ်။

ဓားပြတိုက်တဲ့ ဖြစ်စဉ်ကို  ပဲခူး PDF မြို့နယ်တာဝန်ခံ မျိုးကိုမှ စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးရမိသူတွေဟာလည်း PDF အဖွဲ့ဝင်တွေဖြစ်ကာ  အောင်ပြည့်ခန့်ကတော့  ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲမှ CDM လုပ်ထားတဲ့ ရုံးအကူဝန်ထမ်းဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဓားပြတိုက်ခံရတဲ့ ငွေကျပ် သိန်း ၄ သောင်း ဘယ်ရောက်သွားလဲဆိုတာကိုတော့ စစ်ကောင်စီ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။ 

လူမှုကွန်ရက်တွေမှာတော့ အဆိုပါ ဘဏ်ဓားပြတိုက်မှုသတင်းထွက်လာပြီးနောက် ငွေတွေသယ်ဆောင်သွားတဲ့ ဘဏ်အတွင်းလူနဲ့ စစ်ကောင်စီလက်နက်ကိုင် တပ်တွေပူးပေါင်းကြံစည်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းရေးသားနေကြပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ပဲခူး PDF ဘက်က ဘယ်လိုတုံ့ပြန်မယ်မသိရသေးသလို စစ်ကောင်စီပြန်ကြားရေး ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက  သီးခြားအတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။ Photo- MOI/DSINFO  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024