Home
ဆောင်းပါး
နွားကို ပလာတာမကျွေးနဲ့
DVB
·
September 13, 2021

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူ ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်များကို မင်းအောင်လှိုင်က ဖမ်းဆီးပြီးနောက် စစ်တပ်ထွက်ကုန် ဒုသမ္မတမြင့်ဆွေသည် မည်သူခန့်မှန်းမသိသော ယာယီသမ္မတဖြစ်ခဲ့သည်။

ဆက်လက်ပြီး ယာယီသမ္မတ  ဦးဆောင်ကာ ရွေး ကောက်ခံဘက်ခြမ်းက ကာလုံအဖွဲ့ဝင်များ မပါသောကာလုံအစည်းအဝေးခေါ်။ အာဏာအရပ်ရပ်ကို မင်းအောင်လှိုင်ထံသို့ လွှဲအပ်။ ယင်းကို  များစွာသော မြန်မာဒီမိုကရေစီပြည်သူများကရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ စစ်တပ်က လက်နက်ဖြင့် အာဏာသိမ်းခြင်းဟု ရှုမြင်ခဲ့ကြသည်။

အာဏာသိမ်းပြီးမကြာမီမှာပင် ကုလသမဂ္ဂကရော အမေရိကန်၊ ဗြိတိန်စသည့် နိုင်ငံတကာအ သိုင်းအဝိုင်းကပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။ သူ့ထက်ကဲသောအမေရိကန်က စစ်အုပ်စုကို ပစ်မှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ စတင်ရန် ဒုံးစိုင်းတော့သည်။

အာဏာသိမ်းစစ်ကောင်စီကမူ ဘယ်သူဘာပြောပြော ဂရုမစိုက်။ ၂၀၀၈အခြေခံဥပဒေနှင့်အညီ အာဏာလွှဲပြောင်းခြင်းသာဖြစ်ကြောင်း မျက်စိစုံမှိတ်ရွတ်ဆို၊ ဒီမိုကရေစီအင်အားစုထဲက သူတို့မျက်စိကျနေသူများကို မြန်မြန်ဆန်ဆန်ဖမ်းဆီးကာ ထောင်ထဲထည့်ပစ်ခဲ့သည်။ မည်သူကမှ မတားဆီးလိုက်နိုင်သော အာဏာသိမ်းမှု။

တစ်နိုင်ငံလုံးအနှံ့ အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြင်းထန်သည့်ဆန္ဒပြပွဲကြီးများ ဖြစ်လာသည်။ ပထမ၊ ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းခြင်းမရှိ။ မင်းတို့ကြိုက်သလောက်ပြ ငါတို့လည်း အာဏာပြန်မပေးနိုင်ဘူးဆိုသည့်အပေါက်မျိုး။ ပြီးတော့ ဆန္ဒပြပွဲများသည် အချိန်တန်လျှင် ပြီးသွားလိမ့်မည်ဟုလည်း မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့က ထင်မှတ်ခဲ့ကြသည်။

သို့သော် ၊ သူတို့ထင်သလို အချိန်တန်သော်လည်း ပွဲမပြီးမှန်းသိလာသည့်အခါကျတော့ ရှစ်လေးလုံး ကာလ နည်းဟောင်းကိုပြန်သုံးပြီး ရပ်ကွက်များထဲသို့ လူတချို့စေလွှတ်ကာ အထိတ်တလန့်ဖြစ်စေ အောင်ဖန်တီး၊ ကောလာဟလမျိုးစုံထုတ်လွှင့်ကာ ပြည်သူတို့၏ စိတ်ကို ကယောက်ကယက်ဖြစ်စေ။ ထိုသို့သောနည်းဖြင့် ပြည်သူတို့၏ မထိန်းနိုင်သောဒေါသကြောင့် အကြမ်းဖက်မှုများဖြစ်စေလိုခြင်း။ ထို့နောက် အကြမ်းဖက်မှုများကို အကြမ်းဖက်ဖြေရှင်းရကြောင်း အကြောင်းပြကာ အရုပ်ဆိုး အကျည်းတန်စွာဖြင့် ကားလိပ်ချပစ်ရန်ရည်ရွယ်ခဲ့သည်။

ပါးနပ်သောပြည်သူတို့က အာဏာရှင်တို့ထောင်ထားသောထောင်ချောက်ကိုရှောင်က ကိုယ့်အလုပ် ကိုယ်ဆက်လုပ်လေတော့ စစ်ကောင်စီကဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းတော့သည်။ ထုံးစံအတိုင်း၊ ပထမ လက်မရဲသေးရာမှ နောက်တော့ ပြည်သူတို့၏ခေါင်းကိုမှန်အောင် သွေးအေးအေးဖြင့် ပစ်ရဲလာခဲ့သည်။

ပြည်သူကိုဗြောင်ကျကျသတ်ဖြတ်သည့်အခါတိုင်းတွင် ကုလသမဂ္ဂ၊ အနောက်အုပ်စုနှင့် အရှေ့တိုင်း နိုင်ငံအချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်ချည်းဖြစ်ပြီး အိမ်နီးချင်း တရုတ်နှင့် တရုတ်အလိုကျ အာဆီယံနိုင်ငံအချို့တို့က မသိချင်ယောင်ဆောင်ခဲ့ကြသည်။ ကုလသမဂ္ဂနှင့် အနောက်အုပ်စုတို့၏ အာဏာသိမ်းမှုအပေါ် ကန့်ကွက်မှုများသည် စစ်ကောင်စီအတွက် သိသာသော သံတမန်ရေးဖိအားနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် ထိခိုက်မှုများရှိခဲ့တာသေချာသည်။ သို့သော် ၊စစ်ကောင်စီအတွက်ပြာယာခတ်သွားစေလောက်သည့် ထိခိုက်မှုမျိုးမဟုတ်တာလည်းသေချာသည်။

လူငယ်တို့၏ဦးခေါင်းကို သွေးအေးအေးဖြင့် ပစ်ရဲခတ်ရဲ ပြီးနောက်ပိုင်းတွင်  ပို၍လက်ရဲဇက်ရဲရှိလာ ကာ ပြည်သူတို့၏ ဓနဥစ္စာကို ဗြောင်ဖျက်ဆီး ၊ဗြောင်လုယက်ခြင်းနှင့် ဖမ်းမိသူအချို့ကို စစ်ကြောရေးတွင် အသေရိုက်သတ်ခြင်းအထိ မလုပ်ရဲတာဘာမှမရှိကြောင်း ကမ်း ကုန်အောင်သက်သေပြတော့သည်။

မြန်မာ့အရှုပ်အထွေးအပေါ် အမြင်လည်းမတူ အထိုင်လည်းမတူသော အနောက်အုပ်စုနှင့် တရုတ် တို့က ကိုယ့်မျှော်လင့်ချက်နှင့်ကိုယ် အာဆီယံကို ထိုးအပ်ခဲ့ကြသည်။ မြန်မာ့အရေး အာဆီယံမှ တစ်ဆင့် ဖြေရှင်းခြင်းဖြင့် ရှေ့ဆက်ရန် တစ်သံတည်းထွက်ခဲ့ကြသည်။

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခြင်းသည် အာဏာသိမ်းပြီး ၃ လခန့်အကြာ၌ အထမြောက်ခဲ့သည်။ ထို့နောက်ဧပြီ ၂၄ ရက်တွင်  အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမည့် ဘုံသဘောတူညီချက် ၅ ရပ် ထွက်ပေါ်လာသည်။ အနောက်အုပ်စုနှင့် တရုတ်၏ လက်ခုပ်သံကို ရခဲ့သည်။ မူ ၅ ချက်သည် အကြမ်းဖက်မှုများ မလုပ်ကြရန်နှင့် တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် အာဏာမသိမ်းခင်ကရှိခဲ့သော စစ်တစ်ပိုင်းဒီမိုကရေစီသို့  ပြန်သွားရန်ရည်ရွယ်သည်။ မူ၅ချက်ထဲက တစ်ချက်ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်ခြင်းကို နောက်ထပ် ၃လ ကျော်အကြာ အာဏာသိမ်းပြီးနောက် ၆ လ အကြာ သြဂုတ် ၂ ရက်တွင် ခန့်အပ်နိုင်ခဲ့သည်။ အာဆီယံအထူးသံခန့်အပ်သည့်အချိန်တွင် စစ်ကောင်စီက ပစ်သတ်သဖြင့် မြန်မာပြည်သူ ၁၀၀၀ နီးပါး ကျဆုံးခဲ့ ပြီဖြစ်သည်။

ထို့နောက် ဇွန် ၁၅ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကင်းမတစ်ရွာလုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ရာ ထွက်မပြေးနိုင်၍ ရွာထဲကျန်ခဲ့သော အဘိုးအဘွားလင်မယား မီးလောင်သေဆုံးခဲ့သည်။ မင်းအောင်လှိုင်က အာဆီယံမူ ၅ ချက်ကို ထိုသို့  လူမဆန်ဆုံးနည်းလမ်းဖြင့် ဆုတ်ဖြဲပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာကပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အာဆီယံကမူ ကင်းမရွာ လူမဆန်မှုသည် အာဆီယံမူ ၅ ချက်နှင့်မညီဟု ဖြောင်းဖြောင်းဖျဖျ မှတ်ချက်ပေးခြင်းပင်မရှိခဲ့ပေ။

ဆက်လက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲလိမ်မဲခိုးမဲမသမာခြင်းကြောင့်ဆိုသည့် အကြောင်းပြ ချက်ဖြင့်ပယ်ဖျက်ကြောင်းကြေညာခဲ့သည်။ ဘယ်သူတွေက ဘယ်လို မဲမသမာမှုကျူးလွန်ခဲ့ကြောင်း အချက်အလက်ခိုင်လုံစွာမပြနိုင်ဘဲ ပယ်ဖျက်ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများကို  ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည့်အတွက် စစ်ကောင်စီပြောသည့် မဲမသမာမှုသည် ရွေးကောက်ပွဲကော်မရှင်များ နှင့်မဆိုင်သည့်သဘော။ ဆိုတော့ပြည်သူများကပဲ ရွေးကောက်ပွဲကော်မရှင်များကိုလည်းဂရုမစိုက်၊ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့နှင့် ပါတီကိုယ်စားလှယ်များကိုလည်း ဂရုမစိုက်ဘဲ ပြည်သူ စိတ်ကြိုက်ထင်သလိုမဲ မသမာမှုကျူးလွန်ခဲ့လေခြင်းလေလား။ ပြည်သူတို့ရယ်ကြမောကြရသည်။

အာဏာသိမ်းခြင်း ၆ လ ပြည့်၊ သြဂုတ် ၁ ရက်ရောက်တော့ စစ်ကောင်စီကိုလည်းမဖျက်၊ စစ်ကောင်စီကအသက်သွင်းသော အရပ်သားဆန်မှုအဖြစ် အိမ်စောင့်အစိုးရဖွဲ့စည်းခဲ့ကာ ကျနော်သည် ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဖြစ်သလို ဝန်ကြီးချုပ်လည်းဖြစ်ကြောင်း မင်းအောင်လှိုင်က နိုင်ငံတော်ကို ကိုယ်သိမ်းကိုယ်ခန့်စနစ်ဖြင့် ကြိုးစားပမ်းစားနှစ်ကိုယ်ခွဲအမှုတော်ထမ်းမည့်နှယ်ကြေညာခဲ့သည်။ ထို့နောက်၏ အရေးပေါ်ကာလ သည် ၂၀၂၃ ခုနှစ်သြဂုတ်အထိဖြစ်ကြောင်းလည်းပြောသည်။

ပြောရလျှင် ကိုယ့်သဘောနှင့်ကိုယ် အာဏာသိမ်းသည်။ ကိုယ့်ဟာကိုယ်စစ်ကောင်စီဥက္ကဋ္ဌခန့်၊ဝန် ကြီးချုပ်လည်းခန့်ပြီး အရေးပေါ်ကာလကိုလည်း ကိုယ့်သဘောနှင့်ကိုယ်သတ်မှတ်ကာ အာဆီယံကိုရော ကမ္ဘာကိုပါ ငါ့ဘာသာထင်ရာလုပ်မည်ဟု စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ အရေးပေါ်ကာလသတ်မှတ်ခြင်းနှင့် ပြီးမှ ရွေးကောက်ပွဲပြန်ကျင်းပပေးမည်ဟု ဆိုခြင်းသည် အာဆီယံ မူ ၅ ချက်၏ ရည်ရွယ်ချက်နှင့် ဘာမှမဆိုင်။ မင်းအောင်လှိုင်ပြောကြားခဲ့သည့် ၎င်း၏အစီအစဉ်သည် အာဆီယံ၏မူ ၅ ချက်ကို လုံးဝလက်မခံကြောင်း အပြတ်၏ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာက မင်းအောင်လှိုင်၏ အစီအစဉ်ကိုလက်မခံကြောင်းပြောကာ ကန့်ကွက်ခဲ့သော်လည်း မင်းအောင်လှိုင်၏ ခြေလှမ်းများကို ရှေ့ဆက်မတိုးအောင် တားဆီးနိုင်စွမ်းမရှိခဲ့ပေ။ အာဆီယံအထူးသံဆိုလျှင် မင်းအောင်လှိုင်လုပ်သမျှနှင့် အာဆီယံမူ ၅ ချက်သည် တစ်လမ်းစီ ဖြစ်နေသော်လည်း တုတ်တုတ်မျှမလှုပ်ခြင်းနည်းဖြင့် မင်းအောင်လှိုင်ငြိုငြင်မှာ စိုးရိမ်နေသလား အောက်မေ့ရသည်။

မင်းအောင်လှိုင်သည် မည်သူ့ကိုမှဂရုမစိုက်။ သူ့လမ်းသူဖောက်ပြီး သူဆူးညှောင့်ခလုတ်ဟု ထင်သ မျှကိုအငြိုးတကြီးရက်စက်ခဲ့သည်။ အာဏာသိမ်းမှု ၇ လကျော်အတွင်း (စက်တင်ဘာ ၁၁ ရက်နေ့အထိ) စစ်ကောင်စီသတ်၍ သေသောပြည်သူ ၁၀၈၀ ဦး ။ ၎င်းတို့ ဖမ်းလိုသူကို မမိသဖြင့် ဓားစားခံအဖြစ်အဖမ်းခံရသူမှာစက်တင်ဘာ ၈ ရက်နေ့ အထိ ၁၇၇ ဦး ရှိပြီး အယောက် ၄၀ ကိုပြန်လွှတ်ပေးခဲ့သည်။ ထိုသို့ဓားစားခံအဖြစ် အဖမ်းခံရသူများထဲတွင် အသက် ၁၈ နှစ် အောက်ကလေး ၁၅ ဦးရှိပြီး ၉ ဦးကိုသာ ပြန်လွှတ်ပေးသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုနောက်ဆုံးပေါ် ဂန့်ဂေါမြို့နယ်၊ မြင်သားရွာမှ ကျည်သင့်သေဆုံးနေသော လူငယ်လေး များအားအလောင်းတန်းစီထားသည့်ဓာတ်ပုံ၊ မြင်သားရွာနှင့် နှမ်းခါးရွာမှ လူနေအိမ်များအား စစ်ကောင်စီတပ်က  မီးလောင်တိုက်သွင်းခဲ့သည့်ဓာတ်ပုံများမှာ မင်းအောင်လှိုင်၏ သရုပ်သကန်ကို ဖော်ပြနေပေသည်။

သို့သော် ၊ စက်တင်ဘာ ၇ ရက်နေ့  ခုခံတော်လှန်စစ်စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး၏ရကကြေညာပြီး နောက်တွင် နိုင်ငံရေးနည်းဖြင့်သာ တွေ့ဆုံ ဆွေးနွေးအဖြေရှာကြရန်ဆိုသည့် လူကြီး လူကောင်းနိုင်ငံရေး ပေတံ ရှည်ရှည်လျားလျား အသံထွက်ညံခဲ့သည်။

ယခုအာဏာသိမ်းခြင်း ၇ လကျော်အတွင်း နိုင်ငံတကာ၏ တောင်းဆိုမှုနှင့် ကန့်ကွက်မှုမှန်သမျှကို ဂရုမစိုက်ဘဲ သူလုပ်ချင်တာကိုသာလုပ်ပြီး သူသတ်ချင်ရာသတ်နေသော မင်းအောင်လှိုင်ထံမှ တွေ့ဆုံဆွေးနွေးရေးမျှော်လင့်ရန် တောင်းဆိုခြင်းသည် မြန်မာပြည်သူများအတွက် အကြီးအကျယ်အံ့အားသင့်ရပါသည်။

မြန်မာပြည်သူတို့သည် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခြင်းနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးမူကို ကိုင် စွဲခဲ့သည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးကတည်းက စတင်ခြင်းဖြစ်ပြီး ဦးသိန်းစိန်သမ္မတ ဖြစ်ပြီးနောက် တစ်ကြိမ်သာ ဖြောင့်ဖြောင့်မှန်မှန်တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး နှစ်ဖက်အကျိုးရှိ၊ နှစ်ဖက်ကြည်ဖြူသော စစ်တစ်ပိုင်းဒီမိုကရေစီလမ်းပေါ် လျှောက်ခဲ့ကြခြင်းဖြစ်သည်။

ထိုလမ်းကို လက်နက်အားကိုးဖြင့်ဖျက်ခဲ့သူမှာ မင်းအောင်လှိုင်ဖြစ်သည်။ ဒီးမော့ဆိုမြို့နယ်(ငွေ တောင် ခလရ ၁၀၂ ၀င်းထဲ ဟုယူဆ) အတွင်း မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်နေ အောင်ရိုက်နှက်ခံထားရပြီး ဒူးထောက်လျက်ပင် လက်သုံးချောင်းထောင်နေသည့် အရွယ်မရောက်သေးသော ကလေးနှစ်ဦး၏ ဓာတ်ပုံသည် ယနေ့မြန်မာပြည်သူတို့၏ဘဝကို ကိုယ်စားပြုသည်။ လက်ရှိမြန်မာပြည်သူတို့သည် အငတ်ဘေးသင့်နေသမျှကို မသိချင်ယောင်ဆောင်ကာ ကိုဗစ်နှင့်စစ်ကောင်စီရန်ကြောင့် အသက်မသေရေးအပေါ်သာ အဓိက အာရုံစိုက်နေရသည်။

ဆိုတော့၊ အာဏာသိမ်းမှု ၇ လကျော်အတွင်း ဘယ်ကမ္ဘာကိုမှ လူမထင်၊ အမှန်အလုပ်ဖြစ်နိုင်မည့် တွေ့ဆုံဆွေးနွေးရေးလမ်းတစ်စပင် မရှိခဲ့သောအခြေအနေမှသည် စားပွဲဝိုင်းပေါ်သို့ရောက်အောင်  နောက်ဘယ်နှနှစ်ကြာ မြန်မာပြည်သူတို့ စောင့်ဆိုင်းရမည်နည်း။ ၂၄ နာရီပြည့် မူးယစ်ရမ်းကားနေသူတစ်စုကို နိဗ္ဗာန်ရောက် ကြောင်းတရားဟောပြရုံဖြင့် တရားထူးရလိမ့်မည်ဟု ထင်မှတ်နေခြင်းသည် သိပ်မိုက်မဲလွန်းကျပေမည်။

ကိုယ့်ဝေဒနာကိုယ်သာ အသိဆုံးဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုသည် မင်းအောင်လှိုင်ပြောသည့် အရေးပေါ်ကာလ ၂၀၂၃ ခုနှစ်ရောက်သည့်တိုင် အလုပ်ဖြစ်မည်မဟုတ်ကြောင်း မြန်မာပြည်သူတို့ကောင်း ကောင်းသိသည်။ အသတ်ခံ၊ ထောင်ကျခံ၊ အငတ်ခံကာ မင်းအောင်လှိုင်လုပ်ပေးမည့် ရွေးကောက်ပွဲကို ထိုင်စောင့် ၊မင်းအောင်လှိုင်စိတ်ကြိုက်အစိုးရအဖွဲ့နှင့် အချိန်မရွေးအာဏာပြန်သိမ်းခွင့်တွင် ပြည်သူတို့လည်စင်းခံ၏ရမည့်ဘဝမျိုး မြန်မာပြည်သူတို့ လုံးဝမလိုချင်တော့ပြီ။

ခုခံတော်လှန်စစ်သည် ကိုယ့်ဘဝပေးကိုယ်သိသောမြန်မာပြည်သူတို့၏ စိတ်ချလက်ချ ရွေးချယ်မှု ဖြစ်ပြီး ပြည်သူတို့၏ ရွေးချယ်မှုကို အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်တွင် အသိအမှတ်ပြုပေးလိုက်ခြင်းသာဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအားလုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာပြည်သူတို့၏ ခုခံတော်လှန်စစ်ကို စိတ်ရောကိုယ်ပါ ပံ့ပိုးကူညီပေးကြရန် မေတ္တာရပ်ခံလိုပါသည်။

စစ်ကောင်စီကို စားပွဲဝိုင်းနိုင်ငံရေးအကြောင်း ပြောဆိုစည်းရုံးခြင်းသည် နွားကိုပလာတာကျွေးသလို ဖြစ်နေကြောင်း မြန်မာပြည်သူတို့ကောင်းကောင်းသိသည်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024