ကနီမြို့နယ် ဝင်မနားကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကာ စစ်တပ်က သုံဦးထက်မနည်းကျဆုံးကြောင်း ကနီ PDF-1 အဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားနယ်မြေခံရဲစခန်းကို ကနီ PDF-1 နဲ့ Myanmar Defence Force ပူးပေါင်းအဖွဲ့က စီးနင်းကာ ပြည်သူနဲ့အတူပူပေါင်းဖို့ ညှိနှိုင်းကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်မခံတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက်နေည ၁၀ နာရီကနေ စတင်တိုက်ပွဲဖြစ်ပွားပြီး ည ၁၂ နာရီဝန်းကျင်မှာ မိုးရွာတာကြောင့် ပစ်ခတ်မှု ရပ်နားလိုက်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီမှာ တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားခဲ့ကာ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်ကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကူဖြည့်တင်းမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲလိုစစ်ကောင်စီဘက်က လေးကြောင်းကနေ ခေတ်မီ လက်နက်အသာစီးယူ ပစ်ခတ်ခဲ့တာကြောင့် ကနီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်မှုကို ရပ်တန့်ကာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်သတင်းတွေအရ စစ်ကောင်စီတပ်က ၃ ဦးထက် မနည်းကျဆုံးကာ PDF ပူးပေါင်းအဖွဲ့က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။