စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာအတွင်းမှာ ဒီနေ့ စက်တင်ဘာ ၁၂ ရက်နေ့ည ၉ နာရီကျော်လောက်က နေအိမ်အချို့ကို မီးရှို့ပြီး ရွာသား ၇ ဦးအား ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကျောက်ရစ် အနောက်ရွာသားတစ်ဦးက “မီးရှို့နေတာတော့ အဝေးကနေ မြင်နေရတယ်။ ဘာတွေ မီးရှို့နေတာလဲကတော့ အတိအကျ မပြောနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီစစ်ကောင်စီတပ်တွေလာကတည်းက ရွာသူရွာသားတွေ အကုန်ထွက်ပြေးကြဆိုတော့ အတိကျပြောလို့ မရဘူးလေ။ နေအိမ်တွေ မီးရှို့တာလို့တော့ ခန့်မှန်းလိုရမယ်ဗျ”လို့ ပြောပါတယ်။
စစ်တပ်က နေအိမ်တွေကို မီးရှို့နေချိန်မှာ ဘေးလွတ်ရာ ထွက်ပြေးတဲ့ ရွာသား ၇ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
မွန်းတည့်အချိန်အထိ စစ်တပ်က ကျောက်ရစ်အနောက်ရွာကို တပ်စွဲထားတာကြောင့် သေဆုံးသူဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့မရသေးကြောင်း ရွာသားတွေက ပြောပါတယ်။
မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာဟာ ကျောက်ရစ်အရှေ့ရွာ၊ အနောက်ရွာဆိုပြီး နှစ်ရွာရှိပြီး စစ်ကောင်စီက ကျောက်ရစ်အနောက်ရွာကနေ အိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ရစ်အနောက်ရွာမှာ အိမ်ခြေ ၄၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိစစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခံနေရတဲ့ ကျောက်ရစ်အနောက်ရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ဒေသခံ ပြည်သူကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားကဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်တယ်လို့ ဒေသခံရွာသားများထံကနေ သိရပါတယ်။