မြန်မာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၅ သန်းနီးပါးရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်ဟာ ၅ သန်းနီးပါးရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး စက်တင်ဘာ ၁၁ ရက်နေ့အ ထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၇ သန်းကျော်၊ အကြိမ်ပြည့်ထိုးနှံပြီးသူ ၃ ဒသမ ၂ သန်းကျော်နဲ့ စုစုပေါင်း ၄ ဒသမ ၉ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ ကို ဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ အလုံးရေ ၈ ဒသမ ၇ သန်းမှာယူထားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှာတော့ ပထမအသုတ် အနေနဲ့ ၄ သန်းရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူ ၁၆,၀၀၀ ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်း အဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်း နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ် လို့ ဖော်ပြပါတယ်။

More News
Up