တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းရောက်ရှိ

မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိအချိန်ထိ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ထောက်ပံ့ပေးခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၂ ဒသမ ၆ သန်းရှိခဲ့ပြီး အဲဒီထဲက အလုံးရေ ၃ ဒသမ ၉ သန်းက တော့ တရုတ်နိုင်ငံက လှူဒါန်းပေးအပ်တာဖြစ်ပြီး အလုံးရေ ၈ ဒသမ ၇ သန်းကတော့ မြန်မာအစိုးရက ဝယ်ယူတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ခုလက်ရှိရောက်လာခဲ့တဲ့ ကာကွယ်ဆေး အလုံးရေ ၄ သန်းကတော့ ဝယ်ယူထား တာတွေထဲက ပထမဆုံးအသုတ်အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၆,၀၀၀ ကျော် ရှိလာနေပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါ တယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်း အဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်း နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၅ သန်း နီးပါးရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့်  ပြည်သူ တွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွား ရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

More News
Up