Home
မြန်မာသတင်း
တော်လှန်ရေးလူငယ်များကို ကိုလိုနီခေတ် ဖောက်ခွဲရေး ဥပဒေဖြင့် တရားစွဲ
DVB
·
September 12, 2021

စစ်ကောင်စီဟာ တော်လှန်ရေးလူငယ်တွေကို လက်နက်ဥပဒေအပါအဝင် ကိုလိုနီခေတ်က ဖောက်ခွဲရေးနဲ့ ဖောက်ခွဲရေး ပစ္စည်းဆိုင်ရာဥပဒေနဲ့ပါ ပုဒ်မတပ်တရားစွဲလာတာ တွေ့ရတယ်လို့ သင့်အတွက်ရှေ့နေများအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လလောက်ကစပြီး လူငယ်တွေက မြို့ပြပြောက်ကျားစနစ်နဲ့ စစ်ကောင်စီကိုခုခံတိုက်ခိုက်ခဲ့တာပါ။ 

စစ်ကောင်စီက သပိတ်လူငယ်တွေကို ဖမ်းဆီးခဲ့တုန်းက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခဲ့ပြီး နောက်ပိုင်းလူငယ်တွေကို ဖမ်းဆီးရာမှာတော့ ပူးတွဲဖမ်းမိတဲ့ လက်နက်အမျိုးအစားအပေါ်မူတည်ပြီး လက်နက်ဥပဒေပုဒ်မ  ၁၉(ဃ)၊ ၁၉(စ)၊ ၁၉(င) နဲ့ ပုဒ်မတပ်လာတာကိုတွေ့ရတယ်လို့ အကူအညီပေးနေတဲ့ သင့်အတွက်ရှေ့နေများအဖွဲ့က ပြောပါတယ်။

လက်နက်ဥပဒေဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ၃ နှစ်အထိချနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့ လူငယ်တွေကိုတော့ ကိုလိုနီခေတ်တုန်းက အသုံးပြုခဲ့တဲ့ ဖောက်ခွဲရေးနဲ့ဖောက်ခွဲရေးပစ္စည်းဆိုင်ရာဥပဒေနဲ့ ပုဒ်မတပ်လာတာတွေ့ရတယ်လို့ဆိုပါတယ်။

ဖောက်ခွဲရေးနဲ့ဖောက်ခွဲရေးပစ္စည်းဆိုင်ရာဥပဒေဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်တဲ့ဥပဒေဖြစ်ပါတယ်။ ဖောက်ခွဲရေးနဲ့ဖောက်ခွဲရေး ပစ္စည်းဆိုင်ရာဥပဒေနဲ့ စစ်ကောင်စီက စွဲတဲ့အမှု ၃ မှုအထိရှိ နေတယ်လို့ဆိုပါတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက "လက်နက်မှုက ပုဒ်မ ၁၉ နဲ့ စွဲတယ််ဆိုရင် ထောင်ဒဏ် ၃ နှစ်ရှိပါတယ်။ ပုဒ်မ ၁၉ (ဃ) ပြင်ဆင်လိုက်တယ်လို့ကြားတယ်။ ဘယ်တုန်းက ဘယ်လို ပြင်ဆင်တယ်ဆိုတာ ကျမတို့မသိလိုက်ဘူး။ ဖောက်ခွဲရေးနဲ့ဖောက်ခွဲရေးပစ္စည်းဆိုင်ရာ ဥပဒေဆိုတာလည်းရှိတယ်။ မသုံးတာတော်တော်ကြာပြီ အခု ဒီတစ်ခေါက်မှာ ဖောက်ခွဲနဲ့တရားစွဲတာတွေ တွေ့ရတယ်။ တရားစွဲထားတဲ့အဆင့်ပဲရှိသေးတယ်။ ကြားနာတာတွေတော့ မလာသေးဘူး။ အဲ့ဒါက ၃ မှုလောက်ရှိနေတယ်။ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း အထိချလို့ရတယ်။ ဒါက ကိုလိုနီလက်ထက်တုန်းကဥပဒေ။ သုံးတာတော့ မတွေ့သေးဘူး။ ကိုယ့်ရဲ့အတွေ့အကြုံနဲ့လေ့လာမှုအားနည်းတာလည်းဖြစ်နိုင်ပါတယ်။ ကြားကာလမှ အဲ့ဒီဥပဒေကို သုံးတာမသိဘူး။ အခုကြမှ သုံးတာတွေ့ရတယ်။"လို့ ပြောပါတယ်။

သင့်အတွက်ရှေ့နေများအဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၁ ရက်နေ့ သပိတ်လူငယ်တွေ စတင်ဖမ်းဆီးခံရကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်းခံရတဲ့လူငယ်တွေကို အကူအညီပေးခဲ့တဲ့ရှေ့နေအဖွဲ့ဖြစ်ပါတယ်။

သင့်အတွက်ရှေ့နေများအဖွဲ့ကို အကူအညီပေးဖို့ တောင်းဆိုထားတဲ့အမှု တစ်ထောင်နီးပါးရှိခဲ့ပြီး အဖမ်းခံရတဲ့အမှုသည်တွေနဲ့ တွေ့ခွင့်မရခဲ့တဲ့အတွက် အကူအညီပေးဖို့ခက်ခဲခဲ့တယ်လို့ဆိုပါတယ်။

အခုလူငယ်တွေကို လက်နက်မှု၊ ဖောက်ခွဲရေးနဲ့ဖောက်ခွဲရေးပစ္စည်းဆိုင်ရာဥပဒေတွေနဲ့ အစွဲခံရတာကို လူငယ်ရှေ့နေအဖွဲ့တွေက အကူအညီပေးဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီက လုပ်ချင်ရာလုပ်တာဖြစ်တဲ့အတွက် အကျိုးရှိလာမှာမဟုတ်ဘူးလို့ ဝါရင့်ရှေ့နေကြီး တစ်ယောက်က သုံးသပ်ပါတယ်။

ဝါရင့်ရှေ့နေကြီးတစ်ဦးက "အင်္ဂလိပ်ကတို့ကို ဓားမြှောင်တောင်ကိုင်ခွင့်မပေးခဲ့ဘူး။ သစ်ခုတ်တဲ့ ဓားတို့ဘာတို့ ဓားလေးတောင်ကိုင်လို့မရဘူး။ အဲ့ဒီဥပဒေကို ဒီနေ့အထိမဖျက်သေးဘူး။ NLD အစိုးရလက်နက်မှာလည်းမဖျက်ဘူး။ ဧည့်စာရင်းဥပဒေကို ဖျက်တာလည်း စစ်တပ်က သိပ်စိတ်ဆိုးတယ်။ လက်နက်ဥပဒေကိုလည်း NLD အစိုးရက မဖျက်ရဲဘူးဗျာ။ အဲ့ဒါက ရာဇသတ်ကြီးဥပ‌ဒေထဲမှာမရှိဘူး။ အထူးဥပဒေ အပိုင်း ၁ ၊ ၂ ဆိုတာရှိတယ်။ အဲ့ထဲမှာပါတယ်။ အထူးဥပဒေဆိုတာ သီးခြားရှိတယ်။"လို့ ပြောပါတယ်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်တာတွေကြောင့် စစ်ကောင်စီက ဇူလိုင် ၈ ရက်နေ့ကစပြီး Lock Down ချခဲ့ပါတယ်။ စစ်ကောင်စီက အင်းစိန်ထောင်တွင်း အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံးဖွင့်လှစ်ခဲ့ပြီး  ပုဒ်မ ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ထောင်တွင်းအခြေအနေတွေကို  ရှေ့နေတွေက သိခွင့်မရတော့ပါဘူး။ 

အင်းစိန်ထောင်ကို စစ်ကောင်စီက စက်တင်ဘာ ၁၀ ရက်နေ့အထိ Lock Down သက်တမ်းထပ်တိုးထားတာကြောင့် ပုဒ်မ ၅၀၅(က)နဲ့ အစွဲခံထားရသူတွေရဲ့အမှုတွေကို အဲ့ဒီနောက်ပိုင်းမှပြန်စစ်နိုင်လိမ့်မယ်လို့  အင်းစိန်ထောင်နဲ့နီးစပ်တဲ့ရှေ့နေတွေက ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အင်းစိန်ထောင်ထဲက ပုဒ်မ  ၅၀၅(က)နဲ့ အစွဲခံထားရသူ ၇၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်ထဲမှာ ပုဒ် ၅၀၅(က)နဲ့ အစွဲခံထားရသူ ၃၀၀၀ ကျော်ကျန်နေတယ်လို့ ရှေ့နေ တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024