Home
မြန်မာသတင်း
ဗုံးခွဲတိုက်ခိုက်မှု ၂၃၉၀ ကြိမ်၊ တာဝါတိုင်ဖျက်ဆီးမှု ၆၈ ကြိမ်ခံခဲ့ရဟု စစ်ကောင်စီဝန်ခံ
DVB
·
September 12, 2021

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှစပြီး  စက်တင်ဘာ ၉ ရက်အထိ  မြန်မာနိုင်ငံတဝန်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း  ၂၃၉၀ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ မီးရှို့ဖောက်ခွဲဖျက်ဆီးမှုပေါင်း  ၆၈ ကြိမ်ခံခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

ဒါ့အပြင် လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၉၉ ယောက်သေဆုံးကာ ၇၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်ထုတ် စစ်ကောင်စီ အာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။ 

အစိုးရဌာနဆိုင်ရာ အဆောက်အဦး မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၃၈၆ ကြိမ်၊ စက်ရုံအလုပ်ရုံ ဈေးတွေ မီးရှို့ ဖောက်ခွဲဖျက်ဆီးမှု ၃၁ ကြိမ်၊ လမ်း၊ တံတားတွေ ဖောက်ခွဲဖျက်ဆီးမှု ၁၇၂ ကြိမ်၊ ပညာရေးဆိုင်ရာ အဆောက်အဦတွေ  မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၄၀၆ ကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးထိုးနေရာတွေတိုက်ခိုက်ခံရမှု ၂၁ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဖောက်ခွဲဖျက်ဆီးသူတွေကို ဖော်ထုတ်ဖမ်းဆီးရမိရေး သက်ဆိုင်ရာကို လျှို့ဝှက် သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပြည်သူလူထုကို စစ်ကောင်စီက ဆော်ဩထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးသတင်းစာကဖော်ပြတဲ့စာရင်းဟာ ပြည်ထဲရေးဌာနရဲ့ စာရင်းနဲ့တော့ မတူကွဲပြားမှုရှိနေပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတဝန်းမှာ မိုင်းထောင်ဖောက်ခွဲမှုပေါင်း ၂၃၉၀ ရှိခဲ့ပြီး သေဆုံးသူ ၉၃၃ ဦးနဲ့ ဒဏ်ရာရသူပေါင်း ၁၃၁၂ ဦးရှိတယ်လို့  စက်တင်ဘာ ၉ ရက်က   ရန်ကုန်မှာ  မြန်မာအခြေစိုက် သံတမန်တွေကို တွေ့ဆုံရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူလိုက်ပြီး နောက် သန်းပေါင်းများစွာသောပြည်သူတွေက မြန်မာနိုင်ငံတဝန်း ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပေမဲ့  စစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးထောင်ချ၊ ရွာတွေကို မီးရှို့ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ခိုးဝှက်လုယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဆိုပါလုပ်ရပ်တွေကို မခံနိုင်တဲ့အဆုံး ပြည်သူလူထုက ရရာလက်နက် စွဲကိုင်ပြီး အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန် နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတဝန်း ခုခံစစ်ကြေညာပြီးနောက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုစီးပွားရေးအကျိုးစီးပွား တိုက်ရိုက်ဆက်နွှယ်နေတဲ့   Mytel   တာဝါတိုင်တွေကို ပစ်မှတ်ထားပြီး ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက  ဖောက်ခွဲမီးရှို့ဖျက်ဆီး နေကြတာဖြစ်ပါတယ်။

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024