မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း - မန္တလေး လမ်းပေါ်၊ ကန်တော်ကြီးအနီးမှာ စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲ အချိန်လောက်က ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
ကနဦး ဗုံးသံ အရင်ကြားရတာဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေက အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်ကာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “ဗုံးသံက မြေပါတုန်တယ်။ ဗုံးသံကြားပြီး သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ။ ထိခိုက်ဒဏ်ရာတော့ မြေပြင်အခြေအနေမသိရသေးဘူး။ ဘယ်သူမှ မထွက်ရဲဘူး” လို့ ပြောပါတယ်။
စစ်ကိုင်း - မန္တလေး လမ်းပေါ်၊ ကန်တော်ကြီးအနီးမှာ အမြဲလိုလို စစ်ကောင်စီတပ်သားတွေ စောင့်နေတာရှိပြီး “မိုက်တဲ့ကောင် ထွက်ခဲ့” ဆိုတဲ့ အော်သံတွေပါ ကြားရတယ်လို့ ဆိုကြပါတယ်။
ပစ်ခတ်မှုဟာ ဘယ်လိုကနေ စတင်ဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။