သပိတ်ကျင်းမြို့နယ်၌ အန်အယ်လ်ဒီပါတီဝင် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ  အလုပ်အမှုဆောင်တယောက်အပါအဝင် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က   ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် ဒီမနက် ၁၀ နာရီလောက်က ဖမ်းဆီးသွားတာဖြစ်ပြီး သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့  သိရပါတယ်။

ဒေသခံတယောက်က  “ကြာညှပ်ရွာ အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ကိုသန်းလှိုင်ဝင်းကို ရဲတပ်သား ဇော်မျိုးအောင်က စလောင်းပြင်စရာရှိလို့ လိုက်ခဲ့ပါဆိုပြီး လိမ်ခေါ်သွားတာ။ နောက် ရွာသား ၂ ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းစိုးနဲ့ ကိုဝင်းအောင်တို့ကိုကျတော့ အိမ်တွေကိုလည်း ဝင်ရှာတယ်။ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့ ဖမ်းသွားတယ်။ သူတို့ကို PDF တွေလို့ စွပ်စွဲတာ။ မဟုတ်ဘဲနဲ့” လို့ ပြောပါတယ်။

လတ်တလော ဖမ်းဆီးခံရသူတွေကို ဘယ်ကို ခေါ်သွားမှန်းမသိရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ကြာညှပ်ရွာနားမှာ အကြမ်းဖက်စစ်ကောင်စီ သင်္ဘော ၇ စီးလောက် ဆိုက်ကပ်ထားတာကြောင့်လည်း ကျေးရွာနေသူတွေ ထိတ်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

More News
Up