Mytel နှင့် MPT တာဝါတိုင်များလုံခြုံရေးတိုးမြှင့်ရန် စစ်ကောင်စီညွှန်ကြားစာ လူမှုကွန်ယက်၌ပျံ့နှံ့​

နိုင်ငံအတွင်းမှာရှိတဲ့ စစ်တပ်ပိုင်  Mytel တာဝါတိုင်​တွေ အများအပြား ​ဖောက်ခွဲဖျက်ဆီးခံရပြီး​နောက်  Mytel နဲ့ MPT ဆက်သွယ်ရေးတာဝါတိုင်တွေကို လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကောင်စီညွှန်ကြားစာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

နိုင်ငံအတွင်းက နယ်​မြေတွေမှာ တယ်လီဖုန်းတာဝါတိုင်​တွေ ​ဖောက်ခွဲဖျက်ဆီးခံ​နေရပြီး စက်တင်ဘာ ၉ ရက် တစ်ရက်တည်းကို  ဆက်သွယ်ရေးတာဝါတိုင် ၃၆ ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရ​တယ်လို့ဆိုပါတယ်။

ဖောက်ခွဲဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက ၂၂ နေရာနဲ့ အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝါတိုင်တွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေး(ပထရ) ဝန်ကြီးက ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရေးနဲ့ အစီအမံတွေကို တင်ပြဆောင်ရွက်ကြဖို့ မှာထားပြီး ဖြစ်တယ်လို့ လျှို့ဝှက်စာမှာ ပါရှိပါတယ်။

လုံခြုံရေးဆောင်ရွက်ရာမှာ Mytel နဲ့  MPT ဆက်သွယ်ရေးတာဝါတိုင်တွေကိုသာ အဓိက ဦးစားပေးဆောင်ရွက်ဖို့  ညွှန်ကြားထားတာ​ဖြစ်ကာ ရဲစခန်းတွေနဲ့  ခုနှစ်မိုင်အတွင်းရှိနေတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ ဖျက်ဆီးမခံရရေး ကြပ်မတ်ဆောင်ရွက်ဖို့သက်ဆိုင်ရာ စခန်းမှူးတွေကို  ညွှန်ကြားထားပြီး ခုနှစ်မိုင်ထက်ဝေးတဲ့ တာဝါတိုင်တွေဖြစ်ပါက တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။

NUG အစိုးရက စင်တင်ဘာ ၇ ရက်နေ့မှာ  အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ  နိုင်ငံအတွင်းမှာရှိတဲ့ စစ်တပ်ပိုင်  Mytel တာဝါတိုင်​တွေ အများအပြား ​နေ့စဉ် ဖောက်ခွဲဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။

Mytel တာဝါတိုင်​တွေလုံခြုံရေးအတွက် စစ်ကောင်စီတပ်တွေက မိုင်းထောင်ထားတာနဲ့ ဗို့အားပြင်းတဲ့ လျှပ်စစ်ဓာတ်အားလွှတ်ထားတာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

More News
Up