ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်းများ နိုဝင်ဘာလ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်း စာသင် ကျောင်းတွေကို လာမယ့် နိုဝင်ဘာလထဲ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ်၊ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အဖြစ် အချိန်မီဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ရွှေ့ဆိုင်းတာ၊ ရပ်ဆိုင်းထားတာတွေက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး ကာလရှည်ကြာ ဖိအားတွေဖြစ် လာစေတာက မမျှတဘူးလို့ ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခေဆထစ် ဆူပါ ဝမ်နစ်က ပြောပါတယ်။

ဆရာဆရာမတွေအနေနဲ့ သင်ရိုးပြီးမြောက်စေဖို့ ဖိအားပေးတာ၊ ကျောင်းသားတွေအနေနဲ့ များပြားလွန်းတဲ့ အိမ်စာတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာမျိုးတွေကို ရှောင်ကြဉ်ကြဖို့လည်း ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းတွေကို ပြောထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ မိဘ၊ ဆရာ၊ ကျောင်းသားတွေ စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ ထိုင်းနိုင်ငံ ကျန်းမာရေးဌာန၊ စိတ်ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းအဖြေရှာနေတယ်လို့ ဆိုပါတယ်။

ဌာနတွေအနေနဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ သင်ကြားရေးနည်းလမ်း တွေကိုလည်း ဆရာဆရာမတွေဆီ ဖြန့်ဝေခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ ကလေးငယ်တွေ ပညာဆက်လက်သင်ကြားရေးအတွက် အင်တာနက်ဝက်ဘ်ဆိုက်ဒ်၊ လူကိုယ်တိုင်၊ ရုပ်မြင်သံကြား၊ ဒါမှမဟုတ် ရေဒီယို၊ အွန်လိုင်း သင်တန်းတွေ စတဲ့ မတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့အတူ စာသင်ကျောင်းပေါင်း ၃၅,၀၀၀ လောက်မှာ သုတေသနပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ စာသင်ကျောင်းတွေအများစုမှာ ကျောင်းတွင်း Sandbox လုံခြုံရေးဇုန်အစီအစဉ်ကို ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စတင်ခဲ့ပြီးဖြစ်ကာ စာသင်ခန်းတွင်း လူဦးရေအကန့်အသတ်နဲ့ လုံခြုံစိတ်ချစွာ တက်ရောက်နိုင်ရေးနဲ့ ကိုဗစ်- ၁၉ ရောဂါပိုးရှိ မရှိ Rapid Antigen Test တွေ မကြာခဏ စစ်ဆေးတာမျိုးတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃ သိန်းကျော်နဲ့ သေဆုံးသူ ၁၄,၀၀၀ နီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up