မန္တလေးတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ကင်းလှည့်နေ


မန္တလေးမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လှည့်လည်နေပြီး ရပ်ကွက်တွေထဲပါဝင်ရောက် ရှာဖွေတာတွေလုပ်နေကြပါတယ်။
လှည့်လည်ရာမှာ သံချပ်ကာကားတွေ၊ အချုပ်ကားတွေပါ ပါဝင်ပြီး မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၆၂ လမ်း၊ ၇၈ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်း စတဲ့လမ်းတွေပေါ် လှည့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ခံ တစ်ဦးက “NUG အစိုးရက အရေးပေါ်အခြေအနေကြေညာအပြီးမှာ မန္တလေးက တပ်စွဲထားတဲ့ နေရာတော်တော်များများ ပြင်ဆင်တာတွေတွေ့ရတယ်။ အခုလည်း စစ်ကား ရဲကားတွေနဲ့ မြို့ရဲ့နေရာတော်တော်များများ လှည့်နေကြတယ်။ သူတို့လှည့်နေတော့ မြို့နေပြည်သူတွေ စိုးရိမ်တာတော့ ရှိတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် စက်မှုဘက်မှာ အလုပ်ရုံနာမည်မေးမြန်းပြီးရှာဖွေတာနဲ့ ရပ်ကွက်တချို့မှာ ရှာဖွေတာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
ဒီလို စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လှည့်နေပေမယ့် စစ်အာဏာရှင်ကျရှုံးရေး သပိတ်စစ်ကြောင်းတွေ ချီတက်ဆန္ဒပြနေကြပါတယ်။