ကလေးမြို့နယ်အတွင်း စက်တင်ဘာလ ၈ ရက် နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း ကျေးရွာ ၅ ရွာက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထားကြတယ်လို့ သိရပါတယ်။
ကလေးမြို့နယ် လကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေး ဇမ်ထန်း၊ ချင်းစုကျေးရွာတာဝန်ခံ ဦးဗန်လာမွန်၊ အောင်ရွာကျေးရွာတာဝန်ခံ ဦးထင်လင်းမောင်၊ မြစိမ်းကျေးရွာ တာဝန်ခံ ဦးဝုန်ရှန်းပေါင် နဲ့ ဆင်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွလိန်တို့ စက်တင်ဘာ ၉ ရက်နေ့က နုတ်ထွက်စာတင်ထားကြတယ်လို့ နိုင်ငံရေးတက်ကြွသူတဦးက ပြောပါတယ်။
“စစ်အာဏာသိမ်းပြီး ကျေးရွာအများစု အုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်တာများတယ်။ အခုဟာကတော့ မထွက်ဘဲ ကျန်ဆက်လုပ်နေတဲ့သူတွေဗျ။ အခုမှကြောက်လန့်ပြီး ထွက်စာတင်နေတာလေ။ ပြည်သူကို သစ္စာဖောက်ရင် သစ္စာဖောက်တို့ လမ်းကြောင်းအတိုင်း သွားရမယ်ပေါ့ဗျာ” လို့ ကလေးမြို့ နိုင်ငံရေးတက်ကြွသူတစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ညက ကလေးမြို့နယ် မော်စီကျေးရွာ နဲ့ ပျဉ်းခုံကြီးကျေးရွာက အုပ်ချုပ်ရေးမှူးရေး ၂ ဦးကို ဒလန်ရှင်းလင်းရအဖွဲ့က အဲဒီအုပ်ချုပ်ရေးမှူးတွေရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ကလေးမြို့နယ်အတွင်း စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို သုတ်သင်ရှင်လင်းခံရနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။