နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော်အီတိုးကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားပါတယ်။
ရန်ကုန် မရမ်းကုန်းမြို့နယ် နဝဒေးလမ်းရှိ သူ့ရဲ့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ အတိကျမသိရသေးပါဘူး။
ခုလိုအီတိုးရဲ့ မိသားစုဝင်တစ်ဦးက "အသက်အရွယ် တစ်ခုရောက်လာကြပြီဆိုတော့ တော်ရုံဆို သိပ်မတုန်လှုပ်ပဲ ခံနိုင်ရည်ရှိလာပြီလို့ ထင်ထားခဲ့ကြတာ။ ခုနှစ်ပိုင်းတွေမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ များလွန်းလို့ဒီထက်တော့ ပိုမဆိုးနိုင်တော့ဘူးလို့လည်း ထင်ထားခဲ့ကြတာ၊ ဒီတစ်ကွက်တော့ အားလုံးအရှိုက်ကိုထိတယ်။ အစစ အရာရာ အဆင်ပြေပြီး အန္တရာယ်ကင်း ပါစေ"လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ ၉ မိုင်မှာရှိတဲ့ ဦးတေဇပိုင်ခြံဝန်းမှာနေထိုင်တဲ့ လူငယ်တချို့ကိုလည်း စက်တင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
၉ မိုင်ခြံကနေ ဖမ်းသွားတဲ့အထဲမှာ ၃ နှစ်ဝန်းကျင် ကလေးငယ်တယောက်အပါအဝင် လူ ၆ ယောက် ဝန်းကျင်ဖမ်းခံရတယ်လို့ဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ဖမ်းဆီးခံရသူတွေကို ရေကြည်အိုင်စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo-Credit