Home
မြန်မာသတင်း
ရေစကြို ရဲစခန်းတခုနှင့် ပွင့်ဖြူ ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
September 10, 2021

မကွေးတိုင်း ရေစကြိုမြို့က ရဲစခန်းတခု  ဗုံးခွဲတိုက်ခိုက်ခံရပြီး ပွင့်ဖြူမြို့နယ်မှာလည်း ပျူစောထီးအဖွဲ့ လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ ဖောင်တော်ဦးရပ်ကွက်မှာရှိတဲ့ ရဲစခန်းကို စက်တင်ဘာ ၉ ရက်နေ့ည ၉ နာရီလောက်က FFJ (ရေစကြို) အဖွဲ့နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းပြီး ဗုံးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်၊ စစ်ကောင်စီသတင်းပေး ဒလန်တွေအပြင် CDM မလုပ်တဲ့ ဝန်ထမ်း မိသားစုဝင်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို လုံးဝတာဝန်မယူဘူးလို့ ဆိုပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညကလည်း နှစ်ဖွဲ့ ပူးပေါင်းပြီး ရေစကြိုမြို့ အမှတ် (၁)ရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တစ်ယောက်ရဲ့နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှာလည်း စက်တင်ဘာ ၉ ရက်နေ့ည ၇ နာရီလောက်က ပျူစောထီးအဖွဲ့ ​အစည်းအဝေးလုပ်နေချိန် ပြည်သူ့တော်လှန်ရေးအဖွဲ့ (PRA) နဲ့ ပွင့်ဖြူ PDF တို့ပူးပေါင်းပြီး လက်လုပ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၁ ယောက် ဒဏ်ရာရသွားတယ်လို့ PRA တပ်ဖွဲ့ကနေ သိရပါတယ်။

ရှောက်တော ကားဂိတ်မှာရှိတဲ့ ဟယ်ရီဆိုင်မှာ ပျူစောထီးအဖွဲ့ဝင် ၆ ယောက် အစည်းဝေးလုပ်နေတဲ့အချိန် ဗုံးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုအတွင်းမှာ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာက ပျူစောထီး ဒလန် အောင်ကြီးရဲ့ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ PRA အဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီးတော့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ဒလန်တွေရဲ့ မဟုတ်မမှန် သတင်းပေးတာကြောင့် အကြမ်းဖက်စစ်ကောင်စီက ဒေသခံပြည်သူတွေကို မကြာခဏ မတရားဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024