DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မြန်မာစစ်တပ်အား လက်နက်မရောင်းရန် ယူကရိန်းကို တောင်းဆို
DVB
·
September 9, 2021
အကြမ်းဖက်မြန်မာစစ်တပ်အား လက်နက်မရောင်းရန်  ယူကရိန်းကို တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်တပ်ကို ယူကရိန်းနိုင်ငံက လက်နက်ထောက်ပံ့ရောင်းချနေတဲ့အကြောင်းနဲ့  ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်တပ်ကို လက်နက်ရောင်းချတာ ချက်ချင်းရပ်ဖို့     Justice for Myanmar အဖွဲ့က စက်တင်ဘာ ၈ ရက်က ထုတ်ပြန် တောင်းဆိုပါတယ်။

ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် စီးပွားရေးလုပ်ငန်းစုတွေဖြစ်တဲ့  Ukroboronprom နဲ့ Ukrspetsexport ကုမ္ပဏီတို့ဟာ မြန်မာစစ်တပ် အာဏာသိမ်းပြီးတာတောင်မှ မြန်မာနိုင်ငံကို BTR-4 စစ်သည်တင်သံချပ်ကာယာဉ်တွေ၊ MMT-40 အပေါ့စားတင့်ကားတွေနဲ့ 2SIU ဟောင်ဝဇ္ဇာ လပ်နက်တွေ အထောက်အပံ့ ပေးနေဆဲပဲလို့    Justice for Myanmar ထုတ်ဖော်ပြောကြားပါတယ်။

အထူးသဖြင့် Motor Sich ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို အင်ဂျင်နဲ့ အပိုပစ္စည်းတွေကို နှစ်ကြိမ်တင်ပို့ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းလေတပ်အတွက် သီးသန့်ပစ္စည်းပေးသွင်းတဲ့ Sky Aviator ကုမ္ပဏီကနေ စက်မှုပစ္စည်း အစိတ်အပိုင်းတွေကို တင်ပို့ခဲ့သလို   မေလမှာ တာဘိုဂျက် အင်ဂျင်တွေအတွက် ပစ္စည်းတွေကို တင်ပို့ခဲ့တာလို့ အခိုင်အမာ ပြောထားပါတယ်။

ယူကရိုဘိုရွန် ဆားဗစ်ကနေ လေယာဉ် အပိုပစ္စည်း ၁၆၄ ကီလိုဂရမ်ကို ရတနာပုံလေကြောင်းနဲ့ ပို့ဆောင်ခဲ့ကြောင်းလည်း  ၂၀၂၁ ခုနှစ် မေလတုန်းက အစီရင်ခံခဲ့ပါသေးတယ်။ 

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “  ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက် ရောင်းချမှုတွေက စစ်လက်နက် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရရှိနေတဲ့ လျှို့ဝှက်မြန်မာကုမ္ပဏီ အစုအဖွဲ့ကို လောင်စာ ဖြည့်ပေးနေပြီး မြန်မာစစ်တပ်ရဲ့ လက်ရှိကျူးလွန်နေတဲ့ ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေမှာ အသုံးပြုဖို့အတွက် စစ်လက်နက် ရရှိမှုကို အားပေးထောက်ကူနေပါတယ်။ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို ချက်ချင်း ဒဏ်ခတ်ပို့ဆို့အရေးယူမှု မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ဒီလက်နက်ပွဲစားတချို့ ရပ်တည်လည်ပတ်နေတဲ့ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့ဈေးကွက်နဲ့ နိုင်ငံတကာ ငွေကြေးစနစ်တွေကို  လက်လှမ်းမှီသုံးစွဲခွင့်ကို ငြင်းဆန် ရပါမယ်”လို့ ထုတ်ပြန်  ပြောပါတယ်။

လက်နက်တင်ပို့တဲ့ ယူကရိန်းကုမ္ပဏီ Ukroboronprom ကတော့ သူတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာစစ်တပ်ကို သေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေ တင်ပို့ခဲ့ခြင်းမရှိကြောင်း စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

မြန်မာအပါအဝင် ကမ္ဘာ့ဘယ်နိုင်ငံကိုမဆို စစ်တပ်သုံးနဲ့ ၂ မျိုးသုံး ကုန်ပစ္စည်းတွေတင်ပို့မှုကို နိုင်ငံပိုင်လုပ်ငန်း - Ukroboronprom SC အဖွဲ့ဝင်တွေဟာ ယူကရိန်းရဲ့လက်ရှိဥပဒေတွေနဲ့ နိုင်ငံတကာဝတ္တရားတွေနဲ့အညီသာ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

ယူကရိန်းဟာ ၂၀၂၁ ဇွန်လတုန်းက မြန်မာနိုင်ငံကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးခဲ့ပါသေးတယ်။

ပို့ကုန်မှတ်တမ်းတွေနဲ့  မကြာခင်ကပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး Justice For Myanmar ကထုတ်ပြန်ရာမှာတော့ ယူကရိန်းဟာ ၂၀၁၅ ခုနှစ်ကစပြီး လေယာဉ်တွေ၊ သင်္ဘောတွေ၊ တင့်ကားအစိတ်အပိုင်းတွေ မြန်မာကို တင်ပို့ခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်း ထောက်လှမ်းရေး ရေဒါတွေကိုလည်း  မြန်မာစစ်တပ်နဲ့ ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားတွေထံ ပေးပို့ခဲ့သလို လက်တလော အနီးကပ်ဆုံး ကာလအတွင်း ယူကရိန်းကုမ္ပဏီ Motor Sich က မြန်မာစစ်တပ်ရဲ့ ဝယ်ယူရေးဌာနသို့ တာဘိုင်အင်ဂျင်အစိတ်အပိုင်းတွေ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်ကပေးပို့ခဲ့ကာ အဲဒီကာလဟာ မြန်မာ့လေတပ်က တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဗုံးကြဲနေချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ဆိုပါတယ်။

အဆိုပါစစ်လက်နက်ပစ္စည်းတွေဟာ  မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးပြီး စစ်လက်နက်တင်ပို့ ရောင်းချမှုတွေကနေ တဆင့် မြန်မာစစ်တပ်အတွက် အနာဂတ်ဝင်ငွေရင်းမြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ယူကရိန်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အခုချက်ချင်း စစ်လက်နက်ရောင်းချမှုပို့ဆို့ရေးကို  လုပ်ဆောင်ဖို့နဲ့  မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ဖြတ်တောက်ဖို့လည်း  Justice For Myanmar က တောင်းဆိုပါတယ်။ 

ဒါ့အပြင် ယူကရိန်းနိုင်ငံအတွက် မြန်မာ့အကြီးဆုံး စစ်လက်နက်ပွဲစား အောင်လှိုင်ဦးကို  ယူကရိန်း နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ချီးမြှင့်ထားတာကိုလည်း မဖြစ်မနေ ဖယ်ရှားဖို့ တောင်းဆိုပါတယ်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်နဲ့  ဆက်စပ် ပစ္စည်းတွေ ဝယ်ယူပေးမှုအတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုလုပ်ဆောင်သင့်တဲ့ လူပုဂ္ဂိုလ် ၃၇ ဦးနဲ့ ကုမ္ပဏီ ၁၃ ခုတို့ကိုလည်း  Justice For Myanmar အဖွဲ့က ရှာဖွေမှတ်တမ်းပြုထားပါတယ်။

Photo- Justice For Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013