မင်္ဂလာဒုံမြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်ညက စစ်ကောင်စီတပ်က ဧည့်စာရင်းလိုက်စစ်ပြီး လူငယ်အချို့ကို ဖမ်းဆီးတဲ့အပြင် သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမဘေးရှိ ရပ်ကွက်အချို့ဆီ ဒလန်တွေရဲ့ ဦးဆောင်လမ်းပြမှုနဲ့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
"ည ၁၁ လောက်က သေနတ်အကြောင်းမဲ့ ဆက်တိုက်ပစ်ဖောက်ပြီး၊ အော်ဟစ်ဆဲဆိုတာ တွေလည်း ကြားရတယ်" လို့ ကုန်းတလဘောင်ကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဧည့်စာရင်းစစ်ရာမှာ ရွှေစေတီ (၂) လမ်းရှိ အဆောင်တစ်ခုမှ ပြည်သူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့အား သံသယရှိတယ်ဆိုကာ ဖမ်းဆီးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့တယ်လို့ မင်္ဂလာဒုံအမျိုးသားအစည်းအရုံးက ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။