
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်မှာ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ် ၁ စီး မောင်းလာစဥ်ပေါက်ကွဲကာ အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး သုံးပင်ကွင်းရပ်ကွက် ၁ လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာစဥ် ဆိုင်ကယ် Tool box ထဲက ပေါက်ကွဲမှုဖြစ်ပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အုန်းဆိုပြီး ထပေါက်တာ အစက အဲ့လောက်ဖြစ်လိမ့်မယ် မထင်ဘူး ခုက ပေါက်တဲ့ အသံတော်တော်ကျယ်တယ်။ ကောင်လေးကို ဆေးရုံကားခေါ်ပြီး ပို့ပေးလိုက်တယ်။ အခြေအနေတော့ မကောင်းဘူး''လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
ဆိုင်ကယ်ပေါက်ပြီး ဆေးရုံရောက်လာသူအမျိုးသား နေအိမ်ကို စစ်ဆေးချိန်မှာ လက်လုပ်မိုင်း ၂ လုံးတွေ့ရှိတာကြောင့် လက်လုပ်မိုင်းပေါက်ကွဲတာလို့ စစ်ကောင်စီတပ်ဖွဲ့ သတင်းကြေးနန်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဆိုင်ကယ်ပေါက်ကွဲမှုကြောင့် ဆေးရုံရောက်လာသူ အမျိုးသားမှာ ဆေးရုံရောက်ပြီး မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ ဌာန အဆင့်ဆင့်သတင်းပို့ထားတယ်လို့ သိရပါတယ်။