စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်စုံကျေးရွာအနီးမှာ စက်တင်ဘာ ၈ ရက်နေ့ ၁၁ နာရီကျော်လောက်က အကြမ်းဖက်စစ်တပ်နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတစ်ဖက်ကမ်း မြင်းခြံမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်ရေတပ်အင်အား တစ်ရာနီးပါနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြောင်ပြည်သူတော်လှန်ရေးအဖွဲ့ခေါင်းဆောင်က DVB ကို ပြောပါတယ်။
“ဒီကောင်တွေ မော်တော်တွေ၊ စက်လှေတွေနဲ့ ကျနော်တို့ကို အရင်စလာတိုက်တာ။ တိုက်ပွဲအကျဆုံးကတော့ ကျနော်တို့ဘက်က နားရွက်ပွတ်ပြီးမှန်ထားတာတစ်ယောက်ရှိတယ်။ မစိုးရိမ်ရပါဘူးဗျ။ ခွေးတွေဘက်ကတော့ ၄ ဦး ကျဆုံးတယ်ဗျ။ ဘာလို့ အဲဒီလို ပြောနိုင်တာလဲဆိုတော့ ကျနော်တို့ တိတိကျကျ ပစ်မှတ်ကို ပစ်နိုင်လိုက်တယ်။ အခုတော့ ကျနော်တို့ဘက်က လက်နက်မမျှလို့ နောက်ဆုတ်ပေးလိုက်တယ်။”
မြောင်မြစ်စုံကျေးရွာဟာ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ပေါင်းစုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
မြောင်မြို့နယ်အတွင်း မြောင်မြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကလည်း ကင်းရွာကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေတာကြောင့် ဒေသခံကျေးရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။