
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၉ ရပ်ကွက်မှာ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အမာခံသတင်းပေးဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသား ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်အမာခံသတင်းပေး ရာချစ် ဆိုသူကို မင်းလမ်း အမှုတ်ကြိတ်စက်နား ကွမ်းယာဆိုင်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သေနတ်သံ ၂ ချက် ကြားလိုက်တယ် မနက်ပိုင်းက။ ထိမှန်တာတော့ မရှိဘူး။ သိရသလောက် ဒလန် ရှင်းတာလို့ ပြောတယ်။ အပစ်ခံရတဲ့သူကလည်း ဒလန်လို နာမည်ကြီးနေတဲ့သူ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရာချစ် ဆိုသူဟာ မအူပင်မြို့နယ်မှာ စစ်တပ်အမာခံ သတင်းပေးစာရင်းဝင်တဲ့ မော်တော်ယာဥ်အသင်းဥက္ကဋ္ဌ ဦးမင်းမောင်ရဲ့ ယောက်ဖတော်စပ်သူလည်း ဖြစ်ပြီး ရာချစ် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း မအူပင်မြို့တွင်းနဲ့ မြို့ ဝင်/ထွက် ဂိတ်ပေါက်တွေကို အာဏာသိမ်းစစ်တပ်က ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ၅ ကြိမ်ထက်မနည်း ရှိခဲ့ပေမဲ့ သေနတ်နဲ့ သတင်းပေးလုပ်ကြံမှုမှာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။