NUG အစိုးရက စစ်ကြေညာတဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာပဲ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF၊ KA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
မနေ့မွန်းလွဲ ၃ နာရီလောက်ကစပြီး လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်အကြားက ဒေါပိုးစီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီမော့ဆိုမြို့နယ်၊ ၅ မိုင်နဲ့ ၆ မိုင် အကြားမှာလည်း ညနေ ၅ နာရီက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄ ဦး ကျဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ ည ၇ လောက်မှာလည်း ဒီးမော့ဆို မြို့နယ်ရဲစခန်းကို ကရင်နီ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့တရစပ် ပစ်ခတ်မှုကြောင့် ၆ မိုင် ကျေးရွာရှိ နေအိမ် တချို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ဒီကနေ့ မနက် ၇ နာရီအချိန်မှာလည်း စစ်ကောင်စီဘက် ၆ မိုင်ကျေးရွာရှိ နေအိမ် ၂ လုံးကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းလည်း KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့ကျတော့ တပ်အင်အားတွေ ဖြည့်ထားတယ်။ တပ်အင်အားတွေ ဖြည့်ထားတယ်ဆိုတော့ နှစ်ဘက်ကလည်း အသင့်စောင့်နေကြတယ်ဆိုတော့ လောလောဆယ် အခြေအနေအထိကတော့ ရှင်းတယ်။ တိုက်ပွဲကတော့ မရှိသေးဘူး။ ဒါပေမဲ့ မနက်ပိုင်းလောက်မှာ စစ်ကောင်စီက ၆ မိုင်မှာ နေအိမ် ၂ လုံး အကြောင်းမဲ့ မီးရှို့လိုက်တာတော့ တွေ့တယ်။ မနက် ၇ နာရီဝန်းကျင်လောက်ပေါ့။ ဒါပေမဲ့ အခုချိန်ထိ ရင်ဆိုင်တိုက်ပွဲမဖြစ်သေးဘူး။ အင်အားဖြည့်ကြတဲ့ အနေအအထားမျိုးပဲ ရှိပါတယ်။”
အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့လို့ မနေ့ညမှာ ဒီးမော့ဆိုမြို့နယ် လျှပ်စစ်မီး ဖြတ်တောက်ခံရသလို တချို့ ကယားပြည်နယ်အတွင်းက မြို့နယ်တချို့ လျှပ်စစ်မီးဖြတ်တောက်ခံရတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ အခုနှစ် မေလတုန်းကလည်း ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သောင်းချီ ထွက်ပြေးတိမ်းရှောင်နေခဲ့သလို နေအိမ် ၁၄၆ လုံးလည်း တိုက်ပွဲကြောင့် ပျက်စီးခဲ့ရပါတယ်။
အခုတကျော့ပြန် တိုက်ပွဲပြန်လည်ပြင်းထန်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုပါဒေသကို စစ်ကောင်စီဘက်က အင်အားလုံးအရင်း ဖြည့်တင်းနေပြီး တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အနေထား ရှိနေပါတယ်။
ကရင်နီ(ကယား)ပြည်နယ်အတွင်း တင်ဒါယူဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီကလည်း စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲနဲ့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ တင်ဒါလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားဖို့နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံး ချက်ချင်းရပ်တန့်ဖို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ကို လုပ်ငန်းရှင်တွေအနေနဲ့ အထူးလိုက်နာဆောင်ရွက်သွားဖို့နဲ့ မိမိတို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များ (KNDF) အနေနဲ့လည်း လိုက်လံစစ်ဆေးခြင်းနဲ့ အရေးယူဆောင်ရွက်ခြင်းတွေ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားတွေကို အထောက်အကူပြုနိုင်တဲ့ မည်သည့်လုပ်ငန်းကိုမဆို ပူးပေါင်းဆောင်ရွက်ခြင်းမလုပ်ဖို့နဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။