စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက စစ်ကောင်စီကို ထောက်ခံအားပေးသူတစ်ဦး စက်တင်ဘာ ၇ ရက်နေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတစ်ဦးက “ကိုအောင်ဝင်းကြည်ရဲ့ လည်ပင်းကို ဓားနဲ့လှီးသတ်ထားခဲ့ကြတယ်ဗျ။ ဘယ်ချိန်က သတ်သွားတယ်ဆိုတာကိုတော့ မသိဘူး။ အချိန်အတိအကျတော့ မသိဘူး၊ အသတ်ခံရတာတော့ စက်တင်ဘာ ၇ ရက်နေ့ အသတ်ခံရတာကတော့ သေချာတယ်ဗျ။ အဓိကတော့ စကားပြော မဆင်ခြင်တာပေါ့ဗျာ။ ဒီလူက စစ်အာဏာသိမ်းတာအောင်မြင်ရင် ရွာမှာဇာတ်ပွဲငှားပြီးကြည့်မယ်၊ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး လူမုန်းအောင် လူတိုင်းကိုပြောနေတာ။ သူ့အလုပ်အကိုင်ကတော့ နွားပွဲစားလုပ်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူ ကိုအောင်ဝင်းကြည်ကို ဘယ်အဖွဲ့အစည်းက သတ်သွာတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
သူဟာ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်သူတွေကို မှတ်သားပြီး ခြိမ်းခြောက်တယ်၊ စစ်ကောင်စီကို သတင်းပေးတာတွေ လုပ်တာတွေတော့ ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။