Home
မေးမြန်းခန်း
“တိုင်းမှူးတယောက်သာပါရင် စစ်ကောင်စီပြိုဖို့ဆိုတာ လွယ်လွယ်လေးပဲ” CDM ဗိုလ်မှူးဟိန်းသော်ဦး
DVB
·
September 7, 2021

တပ်မမှူးတွေ ၊ တိုင်းမှူးတွေအပါအဝင် တပ်မတော်သားတွေအနေနဲ့ ပြည်ဘက်ကို မျက်နှာမူပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့နဲ့  စစ်ကောင်စီအောက်မှာ ကျွန်ခံမလား၊ ဒါမှမဟုတ်ရင် ပြည်သူ့အစိုးရ၊ ပြည်သူတွေ ဘက်မှာ ရပ်တည်မလားလို့ တော်လှန်ရေးနယ်မြေမှာ ရောက်ရှိနေတဲ့  ZERO ARMY ခေါင်းဆောင် CDM ဗိုလ်မှူးဟိန်းသော်ဦးက  ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။ 

(အပြည့်အစုံ) 

မေး။ တပ်မတော်မှာလည်း တာဝန်ထမ်းဆောင်တာ နှစ်ပေါင်း ၁၉ နှစ်လောက်ရှိတယ်ဆိုတော့ အခုလက်နက်ကိုင်တော်လှန်ရေးသွားနေကြတဲ့ အဖွဲ့တွေအများကြီးပေါ့။ ဆိုတော့ ဒီနှစ်ပေါင်းများစွာ ဘတ်ဂျက်တွေ တနှစ်တနှစ်အများကြီးသုံးပြီးတော့ တည်ဆောက်ထားတဲ့ တပ်မတော်ကို ဒီလိုကျနော်တို့ ဒီအဖွဲ့တွေအနေနဲ့  ယှဉ်တိုက်လို့ရပါလား။ 

ဖြေ။ “ကျနော်တို့မှာ နန္ဒိသေယပျို့ထဲမှာပါတာပဲ။ ပြည်သူ့နှလုံးသားပေါ့။ ပြည်သူ့နှလုံးသားပါတဲ့ ပြည်သူ့စစ်ကတော့ ဘယ်ဟာကိုမဆိုနိုင်ပါတယ်။ ကျုပ်တို့ နဂိုကတည်းက ဘာမှ မရှိတဲ့ခေတ်ကတောင်မှ ဒီနယ်ချဲ့တွေကို တွန်းလှန်နိုင်ခဲ့သေးတာပဲ။ ဒီနေရာမှာတော့ အမျိုးမျိုး၊ ပြည်သူ့စစ်မဟာဗျူဟာလည်း သုံးရမှာဖြစ်သလို တွေးတောကြံဆမှုလည်းအများကြီးထည့်ရမယ်။ တွေးတောကြံဆပြီးတော့ လက်နက်တွေက တနေ့တခြား ပိုကောင်း လာတယ်။ အခုလက်ရှိအနေအထားမှာ တူမီးတွေနဲ့ တိုက်တဲ့စနစ်တွေသွားတော့ တခါတလေကျရင် တူမီးမှာ ယမ်းကုန်လုံး ကျန်တဲ့လက်နက်တွေထုတ်သုံးနေတဲ့အနေအထားမျိုးတွေလည်းရှိတယ်။ ဒီ့ထက် တဆင့်ပြီးတဆင့် ပိုတိုးလာမှာတွေပဲရှိတယ်။ ရုပ်လျော့သွားစရာတော့ အကြောင်းမရှိဘူး။ နောက်ပြီး ကျန်တဲ့ဆန်းသစ်တဲ့ နည်းပညာတွေနဲလည်း ကျနော်တို့ လက်နက်တွေလုပ်နေတာရှိတယ်။ ဆိုတော့ နေရာက ပြည်သူတွေညီနေသရွေ့ ဒီစစ်ကို ရှေ့ကို တိုးနေသရွေ့ မဆုံးရှုံးပါဘူး။ ဒီကြားထဲမှာ စွန့်လွှတ်ရတဲ့ အာဇာနည်တွေရဲ့ သွေးတွေတော့ မြေကျမှာပေါ့။ ကျန်တဲ့ဟာတွေမှာတော့ ကျုပ်တို့ ရှေ့ကို တိုးနေသ၍၊ ရှေ့ကို လျှောက်နေသရွေ့ ကတော့ ရှုံးစရာ အကြောင်းမရှိဘူး။ ဒီဟာမှာလည်း ဆိုးဆိုးရွားရွာဖြစ်စဉ်တွေ ကြုံရမယ်လို့ တွက်ကို တွက်ထားရမယ်။ တော်လှန်ရေးမှာကတော့ ကိုယ်ကိုယ်တိုင်လည်းသေနိုင်သလို ရန်သူ့ကိုလည်း သေအောင်လုပ်ကြတာပဲ။  ဘာလို့လဲဆိုတော့ ကျုပ်တို့က စစ်ဖြစ်တာကိုး။ ဆိုတော့ ရှေ့ကိုလျှောက်နေသရွေ့ ၊ တိုးနေသရွေ့ကတော့ ဒီတော်လှန်ရေးက ရှေ့ကိုရောက်နေမှာပဲ။ မနိုင်စရာတော့ အကြောင်းမရှိပါဘူး။  ဥပမာလူက ကျုပ်တို့အမဲတမ်းပြောသလိုပေါ့။ လူတယောက် လဲကျသွားတိုင်းမှာ လဲတာက သူ့ရဲ့ ဆုံးရှုံးမှုမဟုတ်သေးဘူး။ ပြန်မထလာပဲ လဲတဲ့နေရာမှာ လဲတဲ့ပုံစံအတိုင်းပြနေရင်တော့ ဒါ သူ့ရဲ့ဆုံးရှုံးမှုဖြစ်သွားမှာပေါ့။” 

မေး။ အခုတလော ကျနော်တို့သတင်းတွေမှာဖတ်နေရတာက PDF တွေ မြို့တွေမှာ အဖမ်းခံနေရတယ်။ လက်နက်တွေလည်းပါတယ်။ ဆိုတော့ ဒီဖြစ်စဉ်တွေက ဘာကြောင့်ဖြစ်နေတာလဲ။ 

ဖြေ။ “ ဒါတွေက လူတွေရဲ့ နှုတ်စောင့်စည်းမှုပေါ့။ အဓိက လျှိုဝှက်ချက်တွေကို မတရားပြောကြတယ်။ ဆိုကြတယ်။ နောက်ပြီးရင် လိုင်းပေါ်မှာတင်တယ်။ တင်သင့်လား၊ မတင်သင့်လား၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပေါ့။  ကိုယ့်ရဲ့ စစ်ရေးပိုင်းဆိုင်ရာဟာတွေကိုတော့ ရှေ့ဆက်လှုပ်ရှားမယ့် အနာဂတ်စီမံကိန်း၊ ပြီးတော့ မကြာခင်မှာ လှုပ်ရှားတော့မယ့်အနေအထားမျိုးကိုတော့ တတ်နိုင်သမျှ တစွန်းတစမှ မထွက်တာ အကောင်းဆုံးပဲ။ အဓိက ပါဝင်ပတ်သက်တဲ့ ခေါင်းဆောင်တွေပဲ သိထားရမယ့်အရာမျိုးကို လူအားလုံးသိအောင် လျှောက်ပြောရင်တော့ ဒါတွေက ပေါက်ကြားမှာပဲ။” 

“တဖက်မှာရန်သူကလည်း  ကျုပ်တို့ရဲ့ သူလျှိုဒလန်ဆိုတာကတော့ကျုပ် စစ်ဆင်တဲ့နေရာအရမ်းအရေးကြီးတယ်။ ဆိုတော့ဟိုဘက်က တပ်ကလည်း နဂိုကတည်းက ဒီသူလျှိုတွေ ဒလန်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းမြောက်မြားစွာကတည်းက ဖြန့်ထားတာ။ လက်ရှိအနေအထားမှာဆိုရင် သူတို့အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာမှာကို ဖြန့်ထားတဲ့အနေအထားမျိုးတွေလည်း ကျုပ်တို့လည်းသိနေတယ်။ လက်ရှိကြုံနေရတဲ့အဖွဲ့တွေလည်းရှိတယ်။ နောက်ပြီးသူတို့  communication အပိုင်းတွေမှာ သူတို့ထောက်လှမ်းနိုင်တာတွေရှိတာပေါ့။ ပြည်သူတွေအနေနဲ့အများစုမသိတာက သူတို့တွေအနေနဲ့ ဖုန်းထဲကနေ ကြားဖြတ်နားထောင်မယ်၊ ဆက်သွယ်ရေးတွေ နည်းစနစ်တွေကို ကြားဖြတ်နားထောင်တယ်။ ပြီးရင် သူတို့ဆိုင်ဘာတိုက်ခိုက်မှုတွေ၊ ဆိုက်ဘာကတော့ မြင့်ပါသေးတယ်။ ကျန်တဲ့ ကြားဖြတ်ဖမ်းယူတာတွေ၊ ဟတ်တာတွေ၊ ဒါတွေကို စစ်ကောင်စီတွေအနေနဲ့ ဌာနကြီးတခုအနေနဲ့လုပ်နေ တယ်ဆိုတာကို လက်ခံထားရမယ်။ သူတို့ MPT တွေ၊ မိုင်တယ်တွေ၊ အခုနောက်ပိုင်း တယ်လီနောပါ အပါပေါ့။ ဒီရဲ့ ပြောဆို ဆက်ဆံမှုတွေကို သူတို့ကြားဖြတ်နားထောင်နေတယ်။ ဒါကတော့ ဆက်သွယ်ရေးပိုင်းပေါ့။”

“ကျန်တဲ့ သူလျိုဒလန်တွေရှိတဲ့အတွက် ဒါကို လက်ခံထားရမယ်။ ဟိုဘက်မှာဆိုရင် ဆက်သွယ်ရေးနဲ့ထောက်လှမ်းရေး အခန်းတွေမှာ ဘာတွေထားလဲဆိုရင်တော့ ပါစပ်တွေကို သော့ခတ်ထားတဲ့ပုံတွေ ပြထားတယ်။ နောက်တခုက ပါးစပ်ကနေ လွှတ်ပြီးတော့ မပြောဖို့ပေါ့။ နောက်တခုက နံရံတိုင်းမှာ နားရှိတယ်ဆိုတာကို ကိုယ်က အလုံပိတ် အခန်းထဲမှာ နေပြီးတော့မှ ပြောတယ်ဆိုရင်တောင် နံရံတွေမှာ နားတွေက ထောင်နေတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအစ သွားနေတယ်ဆိုတာကို ရှေ့သွားနောက်ကြည့် ညသွားအောက်ကြည့် ဒါမျိုးတွေကအစ လျှို့လျှို့ ဝှက်ဝှက်နဲ့ ကိုယ့်ရဲ့ပြောနေတဲ့စကားတွေကို ထိန်းသိမ်းရမယ်ဆိုတာကို ပြည်သူတွေအနေနဲ့ ပိုပြီးတော့ လက်ခံထားဖို့တော့လိုတယ်။ ဒီလိုလက်ခံထားတာတောင်မှ နောက်တပိုင်းမှာ၊ ခေါင်းဆောင်တွေပိုင်းထဲမှာပဲ ဖြစ်ဖြစ်၊ တချို့နေရာတွေမှာပဲ ဖြစ်ဖြစ် သူလျှိုတွေ၊ ဒလန်တွေ ပါတယ်ဆိုတာလည်း လက်ခံထားရမယ်။ ပြီးတော့ ဒီသူလျှိုဒလန်တွေကိုကြောက်ပြီးတော့လည်း ကိုယ့်အချင်းချင်းယုံကြည်မှုပျက်ပြားလို့လည်းမရဘူး။ ဒီလိုလူတွေက သူလျှိုဒလန်တွေလုပ်တဲ့ လုပ်နည်းတွေရှိပါတယ်။ သူ့မှာ ဘယ်လောက်ပဲ ပိရိတယ် ပြောပြော မဟုတ်တာလုပ်တဲ့လူကတော့ ဒါ ပေါ်နေမှာပဲ။ တချက်မဟုတ်၊ တချက်မှာတော့ ပေါ်ကိုပေါ်တယ်။ ဒါတွေကိုလည်း သေချာခေါင်းဆောင်ရတဲ့တကယ့် ပြည်သူ့ဘက်က ပါတဲ့ ခေါင်းဆောင်တွေအနေနဲ့ သေချာလေး တွေးတောကြံဆဖို့တော့လိုတယ်။  ”

မေး။ ပြည်သူ့ဘက်မပါသေးတဲ့ စစ်သားတွေ၊ စစ်ကောင်စီတွေရဲ့ခိုင်းတာ ဆက်လုပ်နေသေးတဲ့စစ်သားတွေကို ဘာပြောချင်လဲဗျာ။ 

ဖြေ။ “ လက်ရှိအနေအထားမှာ စကစ အနေနဲ့ သူတို့ဒီစစ်သားတွေကိုလည်းပိုပြီးတော့ ဖိနှိပ်ကျပ်တည်း အောင်လုပ်လာတယ်။ ပိုပြီးတော့ ချုပ်ကိုင်လာတယ်လို့ ကျုပ်တို့ သတင်းတွေရတယ်။ အဲတော့ ဒီစစ်သားတွေ အနေနဲ့ကလည်း ကျုပ်တို့နဲ့ပိုပြီးတော့ ချိတ်ဆက်၊ဘာလို့လဲဆိုတော့ ကျုပ်တို့ တော်လှန်ရေးဆင်နွှဲတဲ့အချိန်မှာ အလကားနေရင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာမျိုး ပြင်းပြင်းထန်ထန်လုပ်ရတာမျိုး၊ တတ်နိုင်သမျှမလုပ်ချင်ဘူး။ ဒီလူတွေသည်လည်း တိုင်းပြည်အတွက် အားတခုဖြစ်မယ်လို့ လက်ရှိအချိန်ထိ ယုံကြည်ထားတယ်။ ဒီလိုမှမဟုတ်ဘူး။ သူတို့အနေနဲ့ ရင်ဆိုင်မယ်ဆိုရင်လည်း ကျုပ်တို့ ပြည်သူတရပ်လုံးက တွန်းလှန်တာ၊ တော်လှန်တာကို ခံနိုင်ရင်တော့ ခံပေါ့။ အဲမှာ စစ်ကောင်စီအောက်မှာ ကျွန်ခံမလား၊ ဒါမှမဟုတ်ရင် ပြည်သူ့အစိုးရ၊ ပြည်သူတွေ ဘက်မှာ ရပ်တည်မလား၊ ပြည်သူ့အစိုးရအောက်မှာ ဒီခေတ်မှီတပ်မတော်၊ နောင်မကြာခင်မှာ ကျုပ်တို့ ဖော်ဆောင်လာမယ့် ခေတ်မှီတပ်မတော်အောက်မှာ တိုင်းပြည်ကို တကယ်ကာကွယ်မလား ဒါတွေကတော့ ပိုပြီး‌တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပြီး။ ကြိုပြီးတော့လည်း ဒီဘက်ကို ပိုပြီးတော့ ချိတ်ဆက်သင့်တာပေါ့။ သူတို့အနေနဲ့ မထွက်လာသေးဘူးဆိုရင်တောင်မှာ ပိုပြီးချိတ်ဆက်သင့်တာပေါ့နော်။ ပိုချိတ်ဆက်ပါ၊ ပိုပြီးတော့လုပ်ပါ။ ချိတ်ဆက်ရမယ့်နည်းလမ်းတွေ တချို့တွေကိုလည်း လျာထားပြီးသားဖြစ်သလို ထပ်လည်းပြော ထားတာရှိပါတယ်။ ဒီဟာကိုတော့ ကျုပ်တို့ အစောနက ပြောသလို ဒီတပ်မတော်ကို ဖြိုခွဲတယ်ဆိုတာထက် တိုင်းပြည်အတွက် သူတို့လည်း တတ်နိုင်သမျှ အားပြန်ဖြစ်ပါစေဆိုပြီးတော့ ကျုပ်တို့ ရည်ရွယ်ပြီးတော့ ပြောနေတာဖြစ်တယ်။ အဲတော့ပြည်သူဘက်ကို ပိုပြီးတော့ မျက်နှာမူပါ။ ကျုပ်တို့နဲ့ပိုပြီးတော့ ချိတ်ဆက်ပါလို့ မှာချင် တယ်။”

“နောက်တခု ကျုပ်တို့ရဲ့ခံယူချက်က မကောင်းတဲ့ခေါင်းဆောင်ပဲရှိတယ်။ မကောင်းတဲ့လက်အောက်ငယ်သား ဆိုတာ ဘယ်တော့မှ မရှိဘူး။ ခေါင်းဆောင်တယောက်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် လက်အောက်ငယ်သားတွေက လိုက်လုပ်ရတာ။ အဲတော့ ဒီလက်အောက်ငယ်သားတွေအနေနဲ့ ကျုပ်ဒါ ရှင်းရှင်းပြောရရင် တပ်ရင်းမှူး တယောက်အနေနဲ့ ပြည်သူနဲ့ပူးပေါင်းလိုက်ပါ။ ငါတို့တတပ်လုံး ပြည်သူနဲ့ ပူးပေါင်းမယ်ဆိုရင် လက်အောက်ငယ် သား ဘယ်တပ်ခွဲမှူးတွေ ၊ စစ်ကြောင်းမှူးတွေကမှ သူ့ကို ကန်နေစရာအကြောင်းမရှိဘူး။”

“၂၀၀၀ ကျော်ကာလ လောက်က ဖြစ်မှာပေါ့။ ကရင်ဘက်မှာ ဝင်တဲ့ တပ်ရင်းမှူးတယောက်ဆိုရင် တချို့တိုင်းရင်းသားရွာတွေကို အထက်ဌာန အမိန့်အရ ဖျက်ဆီးခိုင်းတာမျိုးတွေရှိတယ်။  ရှိတယ်ဆိုတော့ သူ့အနေနဲ့ ဆုံးဖြတ်တာကတော့ ရွာကိုလည်း သူ့အနေနဲ့ မဖျက်ချင်ဘူး။ သွားမယ်ဆိုရင်လည်း တိုက်ပွဲတွေက ပြင်းထန်ပြီးတော့မှ သူ့နောက်က ရဲဘော်တွေ အကျအဆုံးများမယ်ဆိုတာ သူ့ဘာသူဆုံးဖြတ်ပြီးတော့မှ သူ့ခြေထောက်ကို သူ ပစ်စတိုနဲ့ ပစ်လိုက်တဲ့ဖြစ်စဉ်မျိုးတွေ ဒါတွေ တကယ်ရှိခဲ့တာပဲ။ ဆိုတော့ သူအဲလိုပစ်ပြီးတဲ့အချိန်မှာ သူ့ရဲ့တပ်ရင်းတရင်းလုံး နောက်ပြန်ဆုတ်လိုက်ရတယ်။ ဒီစစ်ဆင်ရေးအကောင်အထည်ဖော်တဲ့ဟာတွေ၊ အကုန်လုံးစီမံချက်တွေ အောက်ကုန်တာပေါ့။ ဆိုတော့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်အရေးကြီးလဲဆိုတာ ဒါတွေကို ကြည့်လို့ရတယ်။ ကျိန်းသေတာကတော့ဗျာ ဒီကာလမှာ ပြည်သူ့ဘက်ကို ရပ်တည်တဲ့ တပ်မမှူးတယောက်ပဲဖြစ်ဖြစ်၊ တိုင်းမှူးတယောက်ပဲဖြစ်ဖြစ်၊ ပါနေရင် ဒီအလှည့်အပြောင်းက ခဏလေးပဲ။ ဒါပေမဲ့ သူတို့ကြောက်နေကြတာတွေလည်းရှိတယ်။ သူတို့ရဲ့ ရာထူးစည်းစိမ်တွေကြောင့်လား၊ ဥစ္စာဓန တွေကြောင့်လား၊ ဒါမှမဟုတ်ရင် စကစကို ပြန်တိုက်ရမှာကိုပဲ ကြောက်နေတာလား၊ ပြည်သူ့ဘက်ကို ရပ်တည်မယ်ဆိုရင် ဒီဟာတွေက ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့ ပြန်ပြီးတော့ တွန်းလှန်ရင် ရကိုရရမယ်။ တိုင်းမှူးတယောက်သာပါတဲ့ဟာမျိုးဆိုရင် စစ်ကောင်စီပြိုဖို့ဆိုတာ လွယ်လွယ်လေးပဲ။ ကျုပ်တို့ဒါ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ တပ်တွေကိုလည်း ဆက်သွယ်ပြီးသားပါ။ သူတို့လည်း ပူးပေါင်းပါဝင်ဖို့တွေ ဒါတွေရှိတယ်။ ဆိုတော့ မပူးပေါင်း  မပါဝင်တဲ့အဖွဲ့တွေကတော့ ကျုပ်တို့ကတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာပဲ။ ကျုပ်တို့အနေနဲ့ကတော့ တိုင်းပြည်အတွက် တိုက်ခိုက်ရတာဖြစ်တဲ့အတွက်ကို သေမှာတွေဘာတွေ ဘာမှမဖြစ်ဘူး။ ဒီ့အတွက် စိတ်ဓာတ်တွေကတော့ အကွာကြီးပဲဆိုတာ ပြောနိုင်တယ်။ ”

မေး။ ထပ်ဖြည့်ပြီးတော့ပြောချင်တာများရှိဦးမလား။ 

ဖြေ။ “ထပ်ဖြည့်ပြီးတော့ ပြောချင်တာက နံပါတ် ၁ စည်းလုံးညီညွတ်မှုကိုရအောင် ဦးတည်ကြပါ။ နောက်တခုကလည်း ပြည်သူတွေအနေနဲ့ ပြည်သူအများစုပေါ့၊ အကုန်လုံးတော့ ပါမနေဘူးဆိုတာ ကျုပ်တို့ သိပြီးသားပါ။ မပါတဲ့အဖွဲ့တွေကလည်း ကိုယ်ကိုယ်တိုင်က ဒီတိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်ဘက်ကိုပဲ မျက်နှာမူသင့်တယ်။ ကျုပ်တို့နိုင်ငံမှာလည်း ကပ်ဖားရပ်ဖားတွေ၊ သာပေါင်းညာစားတွေက အများကြီးဖြစ်နေတယ်။ ဒါတွေကလည်း ရှင်းရှင်းလင်းပဲ သမိုင်းနဲ့ချီပြီးတော့ ဖြစ်ခဲ့တာကိုး၊ သမိုင်းမှာ ဒီလိုမျိုး တိုင်းပြည်အတွက်လုပ်တဲ့လူတွေကို နည်းမျိုးစုံနဲ့ သူလျှိုဒလန်တွေရှိတယ်။ နောက်ပြီး လုပ်ကြံခဲ့တဲ့လူတွေ ရှိတယ်။ သတင်းပေးဒလန်တွေရှိတယ်။ ဒါမျိုးတွေကြောင့်ပဲ ကျုပ်တို့တိုင်းပြည်က ပျက်စီးနေတာ လက်ရှိအချိန်အထိ ဖြစ်နေတာပေါ့။ အဲတော့ အဲကိစ္စတွေကို  ဒီကာလမှာ ပြည်သူတရပ်လုံးက တွန်းလှန်တဲ့အချိန်မှာ ဒါတွေ သူတို့အနေနဲ့မလုပ်ကြပါနဲ့လို့ ပြောလိုတယ်။”

“ဘာဖြစ်လဲဆိုတော့ ဒီစကစနဲ့ ပေါင်းတာက ပေါင်းပါ။ ကျုပ်တို့အနေနဲ့ သူတို့အသက်အန္တရာယ်ကို ညှာတာတယ်၊ သနားတယ်ပေါ့။ မဖြစ်သာလို့ ပေါင်းတာဆိုရင်တော့ ပေါင်းခွင့်ရှိတယ်။ သို့ပေမယ့် တိုင်းပြည်ဒုက္ခရောက်စေမယ့်အရာမျိုးတွေကိုတော့စကစကို သွားပေးတာမျိုး၊  တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းပေးတာမျိုးမလုပ်ဖို့ မှာချင်တယ်။ နောက်တခုကလည်း အခုနက ပြောတဲ့ စစ်ဘက်က အဖွဲ့တွေ၊ သူတို့နဲ့ထိုက်သင့်တဲ့ရာထူးတွေလည်း တပ်မတော်မှာ ရှိခဲ့ပြီးသား။ သူတို့ကောင်းမွန်စွာ ရပ်တည်ခဲ့တဲ့ အကြောင်းအရာတွေလည်း အများကြီးရှိပြီးသား။ ဆိုတော့ ဒီဘက်မှာ ပြည်သူနဲ့ ပူးပေါင်းရင် နဂိုက ဘာတွေပဲဖြစ်လာဖြစ်လာ ပြည်သူအနေနဲ့ လက်ခံတဲ့အကြောင်းအရာတွေ အများကြီးရှိပြီးသားပဲ။ ကျုပ်တို့ဆိုရင်လည်း ဟိုမှာနေတုန်းက မြင်မယ်ဆိုရင်လည်း မြင်စရာအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ပြည်သူအနေနဲ့ အပြစ်မမြင်ဘဲနဲ့ ကျုပ်တို့ကို ချစ်ခင်နှစ်သက်မှုတွေ အများကြီးပေးတယ်။ ပေးတော့ ဟိုဘက်က အဖွဲ့တွေလည်း တကယ်တိုင်းပြည်အတွက်ရပ်တည်မယ်ဆိုရင် ကျုပ်တို့ထက် ပိုရနိုင်တာတွေအများကြီးပါ။ ဒါမျိုးလေးတွေ ပိုပြီးတော့ ပူးပေါင်းပါဝင်ဖို့ ဒါလည်း ပြောချင်တယ်။ ”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024