တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၌ ကေအန်ယူနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကေအန်ယူ/ကေအန်အယ်လ်အေ  တပ်မဟာ ၄  ထိန်းချုပ်နယ်မြေ မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေ   စက်တင်ဘာ ၇ ရက် ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ ၄ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ပိန္နဲတောင်ကျေးရွာအနီးမှာ ဒီမနက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့  ထားဝယ်ခရိုင် ကေအန်ယူတာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။ 

“ စစ်ကောင်စီတပ်ဘက်က  PDF ကို လိုက်လံရှာဖွေရင်း PDF တပ်ဖွဲ့ကလည်း ကေအန်ယူတပ် ထွက်ပြေးတာရှိတော့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ”

အလားတူ ကေအန်ယူ တပ်မဟာ ၄ အုပ်ချုပ်နေတဲ့ ဒူးရင်းပင်ရှောင်ရွာအတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတယ်လို့လည်း ဒေခံတွေဆီက သိရပါတယ်။

ဒီမနက်ပိုင်းက  ပိန္နဲတောင်နဲ့ ဆာခဲ့ကျေးရွာနီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး အရေအတွက်တော့ အသေအချာမသိရဘူးလို့ ကေအန်ယူဘက်က ပြောပါတယ်။

ဒေသမီဒီယာတခုဖြစ်တဲ့ we are everything  လူမှုကွန်ရက်မှာ သတင်းဖော်ပြချက်အရ  KNU တပ်မဟာ ၄ တပ်ရင်း ၇၊ တပ်ခွဲ ၂ ကို  စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါတယ်။ 

ဒီမနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က စစ်ကူ ကားတွေအပြင် စစ်ရဟတ်ယာဉ်တွေနဲ့ပါ လာရောက် ပျံသန်းမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်ချုပ်ရေးကို ပြည်သူအားလုံးဝိုင်းဝန်း တွန်းလှန်ဖို့အတွက် စက်တင်ဘာ ၇ ရက်ကစပြီး နိုင်ငံတဝန်းမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်း ကြေညာပြီးနောက်မှာ ခုလို ကေအန်ယူ တပ်မဟာ ၄ နယ်မြေမှာ ပထမဆုံးတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up