Home
မေးမြန်းခန်း
“နိုင်ငံရေးအရ တရုတ်ရဲ့ ထုတ်ဖော်ပြောကြားချက်တွေဟာ ထူးခြားတယ်” - ဒေါက်တာမြင့်ချို
DVB
·
September 6, 2021

မြန်မာနိုင်ငံမှာ ပြည်သူလူထုက တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်နဲ့ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တို့ နှစ်ဦးအနက် တဦးကို အခု စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရွေးချယ်ဖို့ ရှိနေပါတယ်။

ဒီမတိုင်ခင်မှာ မြန်မာစစ်ကောင်စီဘက်က ရပ်တည်လေ့ရှိတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ စစ်ကောင်စီအကြား အဆင့်မြင့်အရာရှိတွေ အလည်အပတ် ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို တိတ်တဆိတ် လာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ သီတင်းတပတ်ကြာ နေထိုင်တွေ့ဆုံသွားခဲ့သလို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ရုရှားနိုင်ငံခရီးစဉ်ကို သွားရောက်တာ တွေ့ရပါတယ်။ ဒီအခြေနေတွေအပြင် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အလားအလာတွေနဲ့ပတ်သက်လို့ မြန်မာ့အရေး လှုပ်ရှားသူ ဒေါက်တာမြင့်ချိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး– မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံရဲ့ အဆင့်မြင့်သံတမန် မစ္စတာ ဆွန်ကော့ရှန်း တပတ်လောက် နေထိုင်ပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့သွားတယ်။ သူ့ခရီးစဉ်က ဘယ်လောက် အရေးကြီးသလဲခင်ဗျ။

ဖြေ– “နိုင်ငံတိုင်း အစိုးရတိုင်းကတော့ သူတို့ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီးတော့ လုပ်ဆောင်လေ့ရှိကြတာကိုး။ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန်ရဲ့ ခရီးစဉ်ဟာလည်း တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီးလာတာပဲလို့ ကျနော်ကတော့ နားလည်တယ်။ အဲဒီအထဲမှာ အဓိက နိုင်ငံရေးအရရော၊ ကျန်းမာရေးကဏ္ဍအရရော လာတယ်လို့ ကျနော် မြင်ပါတယ်။ ဒီခရီးစဉ်ဟာ ခါတိုင်းနဲ့ မတူဘဲနဲ့ စစ်ကောင်စီက မကြေညာဘဲနဲ့ ထိမ်ချန်ထားတာဟာ တော်တော်ထူးခြားတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာလေ တကမ္ဘာလုံးက ရုရှားနဲ့ တရုတ်ကလွဲရင် စစ်ကောင်စီကို မထောက်ခံနေချိန်မှာ စစ်ကောင်စီက သူတို့အပေါ် ရုရှားနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးတွေကို တခုတ်တရ အသားပေး ဖော်ပြနေရတာကနေ အခု အထူးကိုယ်စားလှယ်ရဲ့ ခရီးကို သူတို့ မဖော်ပြတာကတော့ သူတို့အတွက် မျက်နှာပန်းလှစေမယ့်အနေအထား ရှိပုံမရဘူးလို့ ယူဆတဲ့အတွက်ကြောင့် ထိမ်ချန်ထားတယ်လို့ ကျနော် မြင်ပါတယ်။ အဲဒီတော့ ဒီသတင်းကို သြဂုတ် ၂၁ ကနေ ၂၈ အထိ လာသွားပေမယ့် တပတ်ကြာအပြီးမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက တရားဝင်ထုတ်ပြောမှ ကျနော်တို့ သိရတာလေ။ အဲဒီတော့ စစ်ကောင်စီက ဒါကို ဘာကြောင့် မထုတ်ပြန်ခဲ့လဲဆိုတာကတော့ ထူးခြားတယ်။ ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ကတော့ ဒါကို ထုတ်ပြန်ဖို့ လိုအပ်တယ်ဆိုပြီးတော့ သူက တကမ္ဘာလုံးသိအောင် ထုတ်ပြန်လိုက်တယ်။ အဲဒါ ထူးခြားချက်လို့ မြင်တယ်။ ဒုတိယအချက်က ထုတ်ပြန်တဲ့အထဲမှာလည်း ထူးခြားချက် ရှိပါတယ်။ ဘာပါလဲဆိုတော့ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်ကောင်စီရဲ့ တရားဝင်ဖိတ်ကြားမှုကြောင့် လာတဲ့အကြောင်း၊ ဒါကို သူတို့က အတိအလင်း ဖော်ပြထားတယ်။ အာဏာသိမ်းပြီးချိန်ကစပြီးတော့ ပထမဆုံး တရုတ်အစိုးရရဲ့ ကိုယ်စားလှယ် လာတာဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားတယ်။ နောက်တချက်က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရယ်၊ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နဲ့ စစ်ကောင်စီအစိုးရရုံးတာဝန်ခံ ဗိုလ်မှူးကြီးရာပြည့်တို့ကို တွေ့ဆုံခဲ့တဲ့အကြောင်း ဒီသုံးခုကိုတော့ သူတို့ တရားဝင်ဖော်ပြထားတာ တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးပြဿနာတွေ၊ နိုင်ငံခြား သံတမန်ရေးပြဿနာတွေနဲ့ ကျနော် ထင်တယ်။ EAOs (တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ) တွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေပါ သူတို့ ထည့်သွင်းစဉ်းစားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ထုတ်ဖော်ချက်မှာ ထူးခြားချက်တခုကို ဘာတွေ့လဲဆိုတော့ မြန်မာနိုင်ငံမှာ လူမှုတည်ငြိမ်ရေးရရှိရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေကို စောစီးစွာ ပြန်လည်တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုမှာ တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ အပြုသဘော အခန်းကဏ္ဍကနေ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တဲ့ကိစ္စကတော့ ဒါဟာ သံတမန်ရေးရာ ပြောကြားချက်လို့ ဆိုပေမဲ့ ထူးခြားတယ်လို့ ကျနော် မြင်ပါတယ်။ ဒါကို အကောင်းဘက်ကနေ ရှုမြင်နိုင်ပါတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ အများကြီး မျှော်လင့်လို့ မရဘူးပေါ့လေ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းပြီးတော့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးမှာ တရုတ်က ပံ့ပိုးသွားမယ်၊ ဒါပေမဲ့ ပြင်ပက ၀င်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်ရေးမှာလည်း တရုတ်က ပံ့ပိုးမယ်လို့ ပြောတာဆိုတော့ သူ့ရဲ့ အနောက်တိုင်းနိုင်ငံတွေ ၀င်ရောက်လာမှုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကိုတော့ ထပ်ပြီးတော့ ဖော်ထုတ်ခဲ့တာပေါ့လေ။ ဒါကြောင့်မို့ ခြုံပြီးပြောရရင်တော့ နိုင်ငံရေးအရ တရုတ်ရဲ့ ထုတ်ဖော် ပြောကြားချက်တွေဟာ ထူးခြားတယ်လို့ မြင်ပါတယ်။ နောက်တခုက စီးပွားရေးအရလည်း ဒီခရီးစဉ်မှာ ထူးခြားတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က တရုတ်နိုင်ငံရဲ့ Sichuan စူချွမ်ပြည်နယ် အနောက်တောင်ဘက်က Chengdu ဒေသကနေ ယူနန်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ် Lincang အထိ သူတို့ရထားလမ်းမကြီး ဖွင့်လှစ်လိုက်ပြီလို့ ကြေညာသွားတယ်လေ။ အဲဒီတော့ ယူနန်ကနေ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာကို ကုန်သွယ်ရေးထွက်ပေါက် ရသွားပြီဆိုတဲ့အခါကျတော့ ဒါကို သေချာအောင် တရုတ်က ပိုပြီးခိုင်မာအောင်လုပ်ချင်လို့ ဒါကိုလည်း ဆွေးနွေးတယ် ထင်ပါတယ်။ နောက်တချက်ကတော့ ကိုဗစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ နယ်စပ်မှာလည်း တရုတ်နိုင်ငံထဲကို ၀င်ရောက်ပြီးတော့ ကျန်းမာရေးအရ ထိခိုက်နိုင်တာတွေ သူတို့မြင်တဲ့အတွက်ကြောင့် ဒါတွေကိုလည်း ကျနော် ထင်တယ်၊ ကိုဗစ်ကိစ္စတွေရော၊ ကိုဗစ်ကာကွယ်ဆေးရောင်းမယ့်ကိစ္စတွေပါ ဆွေးနွေးတယ်လို့ ထင်ပါတယ်။”

မေး– စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂအစည်းအဝေး၊ လုံခြုံရေးကောင်စီအစည်းအဝေး စတာတွေမှာ သူ့ဘက်ကနေ အခိုင်အမာရပ်တည်ပေးတဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ထိပ်တန်းအရာရှိကြီးတွေ လာတဲ့သတင်းဆိုလို့ရှိရင် တခုတ်တရ အပြိုင်အဆိုင်ဖော်ပြရာကနေ ဒီတကြိမ်မှာ မဖော်ပြတာက သူတို့ရဲ့ လိုလားချက်မပြည့်ဘူးလို့ရော မသုံးသပ်နိုင်ဘူးလား ဆရာ။

ဖြေ– “ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်ခင်ဗျာ။ စောစောက ကျနော် ပြောသလို သူတို့ အမြဲတမ်းလိုလို နိုင်ငံတကာက တရုတ်နဲ့ ရုရှားက သူတို့ကို အသိအမှတ်ပြုတယ်ဆိုတာ ပုံဖော်ချင်တဲ့အတွက်ကြောင့် သတင်းတွေကို လိုအပ်တာထက်ပိုပြီး အချီကြီး ဖော်ပြတာတွေ ရှိခဲ့ပါတယ်။ ဒီတခေါက်ကတော့ ကျနော် ထင်တယ်၊ တရုတ်အစိုးရရဲ့ အထူးသံတမန် လာတာတောင်မှ သူတို့က မဖော်ပြဘူးဆိုတာ ဆွေးနွေးချက်တွေအရ ကြည့်ရရင် သူတို့အတွက် အခွင့်အလမ်းမသာနိုင်တဲ့၊ မျက်နှာပန်းမလှမယ့် အနေအထားမျိုးတွေ ကြုံခဲ့ရတယ်လို့ မြင်တယ်။ အတည်မပြုနိုင်တဲ့ သတင်းတခုကတော့ ဒီတရုတ်ကိုယ်စားလှယ်ကလေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကိုလည်း တောင်းဆိုခဲ့တယ်ဆိုပြီးတော့ ပြောတာကို စစ်ကောင်စီက ခွင့်မပြုဘူး ဆိုတဲ့အပေါ်မှာ တော်တော်လေး စိတ်ပျက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်။ နောက်တခုကလည်း စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အတော်သဘောထား တင်းမာတယ်ဆိုတာ သူ မြင်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေလည်း ရှိတယ် ဆိုပြီးတော့ သတင်းတွေ ထွက်ပေါ်လာတယ်။ ဆိုတော့ ဒီအချက်တွေကလည်း ဒီသတင်းတွေကို မဖော်ပြတဲ့ အကြောင်းအရင်းတွေလို့ ကျနော့်အနေနဲ့ ထည့်သွင်း စဉ်းစားမိပါတယ်။”

မေး– တိုက်ဆိုင်မှုလားတော့ မဆိုနိုင်ဘူး။ တရုတ်ကိုယ်စားလှယ်ခရီးစဉ်အပြီးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ရုရှားခရီးစဉ် ထွက်ပေါ်လာတယ်၊ ဒီခရီးစဉ်မှာ သီတဂူဆရာတော်ဘုရားကြီးလည်း ပါသွားတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ဒီခရီးစဉ်ကို ဘာဖြစ်လို့ အရေးတကြီး ဆောင်ရွက်တယ်လို့ ဆရာ မြင်ပါသလဲ။ အရင်အခေါက်တွေလိုပဲ လက်နက်ဝယ်ဖို့ သွားကြည့်တာလား၊ တခြားရည်မှန်းချက်တွေ ရှိမလားဆိုတာ ဘယ်လို သုံးသပ်နိုင်မလဲ။

ဖြေ– “ဟုတ်ကဲ့၊ ယေဘုယျအားဖြင့်တော့ သူတို့ဟာ တရုတ်နဲ့ ရုရှားက သူတို့ကို အသိအမှတ်ပြု ဆက်ဆံနေပါတယ် ဆိုတာကို ကမ္ဘာကြီးက မမေ့သွားရအောင် ပိုပြီးတော့ အလေးထားရအောင် ဆိုပြီးတော့ သွားလို့ရတဲ့ ရုရှားလမ်းကိုပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားလိုက်၊ နောက်တယောက် သွားလိုက်။ အခု တတိယအကြိမ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း သွားပြန်ပြီ၊ ဒါကတော့ သာမန်အားဖြင့်ကြည့်ရင်တော့ သံတမန်ရေးရာအရ သူတို့ဟာ ရုရှားက သူတို့ကို အလေးထားပြီးတော့ တရားဝင်ဆက်ဆံနေတယ်ဆိုတာကို သေချာအောင် ပြချင်တဲ့ ခရီးစဉ်တခုလည်း ဖြစ်တယ်၊ နိုင်ငံရေးအရပေါ့။ စစ်ရေးအရလည်းပဲ သူတို့ မှာထားတဲ့ စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ တဖက်ကနေ၊ ရုရှားဆီကနေ လုံလုံလောက်လောက်ရဖို့ အတွက်ကိုလည်းပဲ သေချာအောင်သွားပြီးလုပ်တယ်လို့ ကျနော် မြင်ပါတယ်။ တတိယအချက် အနေနဲ့ တရုတ်က သူတို့အပေါ် ဆက်ဆံနေတဲ့ကိစ္စတွေအပေါ်မှာ သူတို့ နည်းနည်းသံသယရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကတည်းကလည်း မြန်မာ့တပ်မတော်ထဲမှာ တရုတ်ကို မကြိုက်တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေ အများကြီးရှိတယ်ဆိုတာ ကျနော်တို့ သိထားတယ်လေ။ အဲဒီတော့ တရုတ်က ရေမှုတ်တဖက်၊ မီးစတဖက် အဲဒီလို ပေါ်လစီကျင့်သုံးတာမျိုးကို သူတို့က မခံနိုင်တဲ့အခါကျတော့ တရုတ် မရှိလည်း ရုရှား ရှိပါတယ်ဆိုတာကို တဖက်က တရုတ်ကိုလည်း ပြသချင်တဲ့ပုံစံမျိုးနဲ့ အခုလိုမျိုး ရုရှားခရီးစဉ်ကို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထပ်ခါတလဲလဲ သွားပြနေတယ်လို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့များပေ့ါနော်။ တရုတ်က သူ့ရဲ့ ရပ်တည်ချက်တွေကို ပြောင်းသွားတာတော့ မဟုတ်ဘူးပေါ့ဗျာ။ သူက နည်းနည်းလေး သဘောထား ပျော့ပျောင်းတဲ့ အနေနဲ့ မြန်မာ့နိုင်ငံရေးကိစ္စတွေမှာ အပြုသဘော သူက ပါ၀င်လာတယ်ဆိုရင် စစ်ကောင်စီကို ထောက်ခံမှု လုံးဝလျော့ကျသွားမယ်ဆိုပြီးတော့ စစ်ကောင်စီက ယူဆတယ်လေ။ အဲဒီအခါမှာ ရုရှားက သူ့ကို ခိုင်ခိုင်မာမာ ရပ်တည်ပေးနေတယ်ဆိုတာကို သေချာလုပ်ချင်တဲ့သဘော ဖြစ်တယ်လို့ ကျနော်ထင်တယ်။”

မေး— မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ဘုံသဘောထား ရပ်တည်ချက် ၅ ရပ် ချမှတ်ခဲ့တယ်၊ ဒါပေမဲ့ ၄ လ ကြာတဲ့အထိ အထူးကိုယ်စားလှယ် မခန့်နိုင်ခဲ့ဘူး၊ ခန့်ပြီးပြန်တော့လည်း အခုထက်ထိ မြန်မာနိုင်ငံတွင်း ၀င်ရောက်တွေ့ဆုံဆွေးနွေးနိုင်တဲ့ အနေအထား မရောက်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကလည်း မရေရာသေးဘူး၊ အောက်တိုဘာလကုန်လောက်ကျရင်တော့ မြန်မာပြည်ခရီးစဉ် သွားနိုင်တယ်ဆိုပြီးတော့ သတင်းတွေ တက်နေတယ်။ ဒီတော့ ဒီမိုကရေစီဖက်ဒရယ်လိုလားသူတွေဘက်က စိတ်ထဲမှာ အာဆီယံအပေါ် မတင်မကျ၊ အားမလိုအားမရ ဖြစ်နေကြတယ်။ အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က ဘာကြောင့် နှောင့်နှေးကြန့်ကြာနေတာလဲ၊ ဒီခရီးစဉ် ဖြစ်လာမယ်ဆိုရင်ရော ဘယ်လိုအလားအလာတွေ ဖြစ်နိုင်မလဲ။

ဖြေ— “ဥရောပသမဂ္ဂတို့လို၊ အာဖရိကသမဂ္ဂတို့လို ဒေသဆိုင်ရာအဖွဲ့အစည်းတွေက သူတို့ရဲ့ ဒေသဆိုင်ရာကိစ္စတွေကို ထိထိရောက်ရောက် ဖြေရှင်းကိုင်တွယ်နိုင်တဲ့ အယူအဆမျိုး အာဆီယံအဖွဲ့အစည်းမှာ မရှိပါဘူး။ တချို့ဆို အာဆီယံကို စက္ကူကျားလို့တောင်မှ ပြောင်လှောင် ခေါ်ဝေါ်တာတွေ ရှိတယ်လေ။ အဲဒီတော့ အာဆီယံထဲမှာလည်း ပြန်ကြည့်လိုက်ရင် သူတို့ ဆယ်နိုင်ငံထဲမှာလည်း အာဏာရှင်နိုင်ငံတွေ အများကြီးပါနေတယ်။ ဆိုတော့ သူတို့တွေက သူတို့ရဲ့ဒေသဆိုင်ရာ တည်ငြိမ်ရေးနဲ့ သူတို့စီးပွားရေး အကျိုးစီးပွားတွေကိုပဲ အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စသည်ဖြင့်ပေါ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တွေကို လိုလားပါတယ်လို့ သူတို့ အာဆီယံချာတာထဲမှာ ဖော်ပြဖော်ပြ ဒါက ပါးစပ်ကပဲ ဖော်ပြတာပဲ ရှိတယ်။ လက်တွေ့ ဘာမှ မလုပ်နိုင်ဘူး။ နောက်တချက်ကလည်း သူတို့က ဆယ်နိုင်ငံမှာ တနိုင်ငံ ကန့်ကွက်ရင် ဘာမှလုပ်လို့မရတဲ့ သဘောထားမျိုးရှိတဲ့အခါကျတော့ ဘာမှထိရောက်တဲ့ ဆုံးဖြတ်ချက်တွေလည်း မချနိုင်ဘူး။ အခုတောင်မှ တကမ္ဘာလုံးက ဝိုင်းပြီးတော့ ဖိအားပေးလွန်းလို့ အာဆီယံ ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ဆိုတာကို ခန့်လိုက်ရတာ။ တကယ်ဆိုရင် ဒီဥစ္စာက ဒုတိယအကြိမ်ပေ့ါဗျာ၊ ဟိုးအရင်တုန်းကတော့ ကျနော် မှတ်မိသလောက်ဆိုရင် ၂၀၀၆ လောက်တုန်းက မလေးရှား နိုင်ငံခြားရေးဝန်ကြီးကို ခန့်ဖူးတယ်၊ ဘာမှလည်း အလုပ်မဖြစ်ပါဘူးဗျာ။ အခုလည်း ခန့်သာခန့်လိုက်တယ်၊ အလုပ်ဖြစ်မယ့် သဘောတော့ မရှိပါဘူး။ အလုပ်မဖြစ်သော်ငြားလည်းပဲ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ကတော့ မဆက်ဆံဘဲနေလို့တော့ မရဘူး။ သံရေးတမန်ရေးနည်းနဲ့တော့ သူတို့ကို ချဉ်းကပ်ပြီးတော့ စည်းရုံးနေဖို့တော့လိုတယ်။ အဲဒီတော့ ပြန်ကြည့်ရင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဆိုတာကလည်း တကယ်တော့ ဘာမှ သိပ်ထူးခြားတာမဟုတ်ဘူးဗျ။ အကြမ်းဖက်မှုတွေကို ပါ၀င်တဲ့သူတွေအကုန်လုံးက ရပ်စဲစေဖို့ဆိုပြီးတော့ သူက တောင်းဆိုတယ်။ ပြောချင်တာက စစ်ကောင်စီသာ မဟုတ်ဘူးပေါ့ဗျာ။ တခြားစစ်ကောင်စီနဲ့ ဆန့်ကျင်တဲ့ အဖွဲ့တွေကိုပါ သူက သိမ်းကျုံးပြီး ပြောထားတယ်၊ အစွမ်းကုန်ထိန်းချုပ်ကြဖို့ ဆိုပြီးတော့။ အဲဒီမှာလည်း သူ့သဘောထားက ခြံစည်းရိုးခွထိုင်တဲ့ သဘောထားပဲ။ နံပါတ် ၂ အချက်က ပြည်သူ့အကျိုးကို ရှေးရှုတဲ့ ငြိမ်းချမ်းစွာ အဖြေရှာမှုရရှိရေးအတွက် ပါ၀င်ပတ်သက်သူ အကုန်လုံးကြားထဲမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို စတင်လုပ်ဆောင်ဖို့။ ဒါလည်းပဲ သူက သံတမန်စကားပြောတဲ့ အနေအထားပဲ ရှိတယ်။ နောက်တခုက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာအောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ကို ခန့်အပ်ဖို့။ အဲဒါလည်း လေး၊ ငါးလ ကြာမှ ခန့်အပ်နိုင်တယ်ဆိုတော့  ဘယ်လောက်ထိ သူတို့အနေနဲ့ အားမရှိဘူးလဲဆိုတာ ခန့်မှန်းလို့ရတယ်။  တခုတော့ရှိတာပေါ့ဗျာ။ 

တချက်ကဘာလဲဆိုတော့ ဒါ စဉ်းစားစရာပေ့ါဗျာ။ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းမှုစင်တာဆိုတာ AHA (the ASEAN Coordinating Centre for Humanitarian Assistance on disaster management (AHA Centre) လို့ ခေါ်တာပေါ့ဗျာ။ အဲဒီ AHA စင်တာကနေတဆင့် အာဆီယံကနေ ကြီးကြပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ကို ထောက်ခံပေးဖို့ဆိုတော့၊ ဒါကတော့ အကျိုးရှိတယ်ဗျ။ အာဏာသိမ်းမှုကြောင့်ဖြစ်ဖြစ်၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ဖြစ်၊ ဖိနှိပ်မှုတွေကြောင့် ဖြစ်ဖြစ် ပြည်သူတွေရဲ့ စားဝတ်နေရေးအကျပ်အတည်းတွေ အများကြီး ကြုံနေရတဲ့အပေါ်မှာ လူသားချင်းစာနာတဲ့ အကူအညီတွေ အများကြီးလိုအပ်နေတယ်။ အဲဒီလိုအပ်နေတဲ့ အကူအညီကို ပေးတာမျိုးကိုတော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာအကြောင်း မရှိပါဘူး။ ဒါကတော့ ပြည်သူအတွက် နံပါတ် ၄ အချက်ကတော့ အကျိုးရှိတယ်။ နံပါတ် ၅ အချက်ကတော့ အထူးသံတမန်နဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက ပါ၀င်သင့်အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာရေးအတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ဆိုပြီးတော့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို နာမည်နဲ့ ဖော်ပြထားတာမရှိဘူး။ အဓိပ္ပာယ်ကတော့ စစ်ကောင်စီက ခွင့်ပြုနိုင်တဲ့သူလောက်ပဲ ဘက်အားလုံးနဲ့ဆိုပြီးတော့ သိမ်းကျုံးပြီးတော့ တွေ့ဆုံသွားမယ်ဆိုရင် သိပ်တော့အကျိုးမရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဒါကြောင့်မို့လို့ သူ့ ၅ ချက်ထဲမှာပါတဲ့ အနည်းဆုံးတော့ လူသားချင်းစာနာတဲ့ အကူအညီတွေကို သူတို့က နိုင်ငံတကာအကူအညီကတဆင့် သူတို့က ပေးသွားမယ်ဆိုရင်တော့ ဒါက အကျိုးရှိမယ်။ နောက်တခုက မြန်မာနိုင်ငံ လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ သက်ဆိုင်သူတွေအားလုံးနဲ့ ပွင့်ပွင့်လင်းလင်း၊ လုံလုံခြုံခြုံ၊ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင်တော့ အကျိုးရှိတဲ့ခရီးစဉ်ဖြစ်မယ်လို့ ကျနော် မြင်ပါတယ်။ ဒါပေမဲ့ ဒါလည်းရမယ်လို့တော့ သိပ်သေချာတယ်လို့တော့ ကျနော် မထင်ပါဘူးဗျ။”

မေး— အခု ၅ ချက်မှာ အားမရတာတွေ ရှိနေပေမဲ့ ဒီ ၅ ချက်နဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံကရော၊ ဒီမိုကရေစီအင်အားစုတွေကို အားပေးထောက်ခံပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေကပါ ဒီအာဆီယံ ၅ ချက်နဲ့ပဲ တွန်းတွန်းထိုးထိုးလုပ်နေကြတာမို့ အလားအလာ၊ နောက်ဆက်တွဲက ဘယ်လိုဖြစ်နိုင်မလဲ။

ဖြေ— “နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ကတော့ ဘုံသဘောတူညီချက်တွေ ချမှတ်ပြီးတော့ ခိုင်မာတဲ့လုပ်ငန်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ပြေလည်တဲ့အထိ ဖြေရှင်းနိုင်တဲ့ဆန္ဒလည်း မရှိပါဘူး။ ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည်လည်း မရှိပါဘူး။ သူတို့ တနိုင်ငံချင်းက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အဓိကယှဉ်ပြီးတော့ စဉ်းစားကြတာပါ။ သူတို့ အမျိုးသားအကျိုးစီးပွားနဲ့ မဆန့်ကျင်ဘူးဆိုမှပဲ ဖြစ်နိုင်တာလေးတွေကို အကန့်အသတ်နဲ့ လုပ်ပေးတာတွေ ရှိပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂလို၊ အာဆီယံလို အဖွဲ့လိုက် လုပ်ဆောင်တဲ့ နည်းနာတွေကိုပဲ သူတို့က အားပေးပြီးတော့ လက်ရှောင်နေတတ်ကြပါတယ်။ အဲဒီတော့ ဒီကိစ္စမှာလည်းပဲ အမေရိကန် အပါအဝင်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတိုင်းကလည်းပဲ ဘာပြောပြော သံတမန်ရေးရာအရ ကြည့်ကောင်းအောင် ပြောနေတာမျိုးတွေ ရှိတယ်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ တစုံတရာ အတိုင်းအတာတခုအထိ ထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့တာ ရှိတယ်။ ဒါပေမဲ့ ဒီပြဿနာက တနိုင်ငံတည်းက ၀င်ရောက်ဖြေရှင်းမှာတော့ မဟုတ်ဘူးဗျ။ စောစောက ကျနော် ပြောသလို သူတို့ ကုလသမဂ္ဂလို၊ အာဆီယံလို အဖွဲ့ကြီးတွေကတဆင့် အဖွဲ့လိုက်လုပ်ဆောင်တဲ့ နည်းနာတွေကိုပဲ အားပေးမယ်၊ သူတို့ကတော့ လက်ရှောင်နေမယ်၊ တဝဲလည်လည်ပဲ ဖြစ်နေဦးမယ်လို့ ကျနော် ထင်တယ်။ နောက်တခုက အာဆီယံဆိုတာကလည်း တကယ်တော့လေ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကြောင့် သူက သိက္ခာမရှိတဲ့ အဖွဲ့အစည်းကနေ သိက္ခာလေးရမလားဆိုပြီးတော့ ဒီလုပ်ငန်းကို သူက လက်ခံလိုက်ပြီးတော့ မလွှဲသာမရှောင်သာ မြန်မာနိုင်ငံရေးအကျပ်အတည်းမှာ တရွတ်တိုက် ပါလာတဲ့ အနေအထားပါ။ ဘာအစွမ်းအစမှလည်း သိပ်မရှိဘူးဆိုတဲ့သဘောမျိုး တွေ့ရတယ်။ သူလည်းပဲ သူ့ဂုဏ်သိက္ခာနဲ့ သူ့အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ ဖြေရှင်းလို့ရမယ်ဆိုရင် သူ အမြတ်ပဲ၊ ဖြေရှင်းလို့မရရင် သူက သရေပဲ။ ဆိုတော့ အာဆီယံကို အခြေခံပြီး မြန်မာ့နိုင်ငံရေးကို ဖြေရှင်းမယ်ဆိုရင်တော့ ဒါ လုံးဝအလားအလာမကောင်းဘူးလို့ပဲ ကျနော် ဖြေချင်တယ်။ ယူအန်နဲ့ပတ်သက်ပြီးတော့လည်း ဒီအတိုင်းပါပဲ။ ယူအန်တခုတည်းနဲ့လည်း မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းပေးမယ်လို့ ကျနော် မယုံကြည်ဘူး။ သို့သော် ကျနော်တို့အနေနဲ့ ရွေးစရာလမ်းမရှိတဲ့အပေါ်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရမယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အကူအညီကို ရသလောက်၊ ရနိုင်သလောက် ကြိုးစားပြီးယူရမယ့်အနေအထားမျိုးပဲ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ပြဿနာကို ကျနော်တို့ မြန်မာနိုင်ငံသားတွေအချင်းချင်းကပဲ ဖြေရှင်းနိုင်တဲ့စွမ်းရည်ရှိလာအောင် ကြိုးစားဖို့ လိုတယ်။ ဖြေရှင်းဖို့ ဆန္ဒမွေးဖို့လည်း လိုပါတယ်။”

မေး— ဒီကနေ့ စက်တင်ဘာလဆန်း ၅ ရက်ဆိုတော့ ဒီလလယ်ပိုင်းကျရင် အမျိုးသားညွန့်ပေါင်း အစိုးရ အန်ယူဂျီကို အသိအမှတ်ပြုမှာလား၊ စစ်ကောင်စီကို အသိအမှတ်ပြုမှာလား ဆုံးဖြတ်ကြတော့မယ်။ ဒီအခြေအနေအပေါ် မြေပြင် နောက်ဆုံးအခြေအနေ ဖြစ်ထွန်းမှုတွေအပေါ် အမြင်ဘယ်လိုရှိပါသလဲ။ ဘယ်လိုမျိုး ဆုံးဖြတ်နိုင်ခြေ ရှိသလဲ။

ဖြေ— “ဟုတ်ကဲ့၊ ကျနော်တို့ လွန်ခဲ့တဲ့နှစ် ၃၀ တုန်းက ကျနော်တို့ တော်လှန်ရေးထဲမှာ ပါခဲ့တုန်းကလည်း အဲဒီတုန်းက ကျနော်တို့ (Credentials Challenge) ခေါ်တဲ့ ကုလသမဂ္ဂမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဖယ်ရှားဖို့အတွက် ကြိုးစားဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ် ကုလသမဂ္ဂရေးရာ နားလည်တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ဆွေးနွေး တိုင်ပင်ကြည့်တဲ့အခါကျတော့ အလားအလာက အဲဒီတုန်းက ဘယ်လိုမှ မကောင်းတဲ့အပေါ်မှာ ကျနော်တို့ နောက်ဆုတ်လိုက်ခဲ့ရတယ်။ အခုအခြေအနေကတော့ အလားအလာက အရင်ကထက် စာရင်တော့ အများကြီးကောင်းတာကို တွေ့ရတယ်။ အဲဒီတော့ ကုလသမဂ္ဂရေးရာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေရဲ့ သုံးသပ်ချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ဖြစ်နိုင်ခြေ ၄ မျိုးရှိတယ်လို့ တွေ့ရပါတယ်။ တမျိုးကတော့ အန်ယူဂျီကနေ အဆိုတင်သွင်းထားတဲ့ ကိုယ်စားလှယ်ကို (Credentials Committee) ကနေ လက်ခံလိုက်တာ ဖြစ်နိုင်တယ်။ နောက်တခုက အန်ယူဂျီနဲ့ စစ်ကောင်စီက အဆိုပြုတင်သွင်းတဲ့ နှစ်ဦးစလုံးကို အသိအမှတ်ပြု လက်ခံတာမဟုတ်ဘဲနဲ့ ကျနော်တို့ လက်ရှိအနေအထားအတိုင်းပဲ လောလောဆယ်ဆယ် မဆုံးဖြတ်ဘဲနဲ့ ဆိုင်းငံ့ထားမယ်ဆိုတာလည်း ဖြစ်နိုင်တယ်။ နောက်တခုက စစ်ကောင်စီက အဆိုပြုတင်သွင်းတဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုတာကတော့ ဖြစ်နိုင်ခြေ အများဆုံးပေါ့ဗျာ။ ဒါပေမဲ့ တခုစဉ်းစားတာရှိတာ ဘာလဲဆိုတော့ စတုတ္ထ ရွေးချယ်စရာ လမ်းကတော့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်မိုးထွန်းကိုပဲ ကာလတခုအထိ ဆက်လက်ထားရှိပြီး နောက်မှပဲ တရားဝင် ဘယ်သူလဲဆိုတာ မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ပုံစံမျိုးတွေ (Credentials Committee) မှာ စဉ်းစားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆိုတော့ အသေအချာ ခန့်မှန်းပြောဆိုဖို့တော့ အင်မတန်ခက်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီ (Credentials Committee) မှာပါတဲ့ နိုင်ငံတွေအပေါ်မှာ မူတည်တယ်လို့ ထင်တယ်။ အဲဒီမှာ စစ်ကောင်စီ အာဏာသိမ်းမှုတွေကို လုံးဝဆန့်ကျင်တဲ့နိုင်ငံတွေ ဖြစ်မယ်ဆိုရင်တော့ အလားအလာ ကောင်းနိုင်တယ်။ ဒါပေမဲ့ တရုတ်က အမြဲတမ်းပါနေတဲ့အခါကျတော့ တရုတ်ရဲ့ သဘောထားက ကြားနေလိုက်မယ်ဆိုရင်တော့ အလားအလာ ကောင်းလာနိုင်တယ်။ သို့သော် တရုတ်လိုပဲ တခြားနိုင်ငံတွေလည်း ပါလာဦးမယ် ဆိုရင်တော့ ဒီကော်မတီမှာ ဆုံးဖြတ်ချက်တွေကို သူတို့ လွှမ်းမိုးသွားမယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့အဖြေမျိုးတော့ မရနိုင်ဘူး ထင်တယ်။ ဒါပေမဲ့ ကျနော် ထင်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ နှစ်ဘက်စလုံးကို အသိအမှတ်မပြုသေးဘဲနဲ့ ဆိုင်းငံ့ထားပြီးတော့ ကြားနေ ဆုံးဖြတ်ချက်ပဲ ကျလာလိမ့်မယ်လို့ ကျနော့်ယောက်တည်းအနေနဲ့ မြင်ပါတယ်။”

မေး— ဆုံးဖြတ်မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ဒီအသိအမှတ်ပြုမှုအပေါ်မှာ ရုရှားနဲ့ တရုတ်ရဲ့ ထုတ်ပြန်ချက်၊ ပြောဆိုချက်၊ ရပ်တည်ချက်တွေက အရင်အတိုင်းပဲလား၊ အပြောင်းအလဲ မြင်ရလား။

ဖြေ— “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရုရှားနဲ့ တရုတ်ကတော့ လောလောဆယ် ဘာမှတော့ လေသံမဟသေးတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီ (Credentials Committee) မှာက ရုရှားနဲ့ တရုတ် ပြန်ပါလာမလား၊ မပါလာမလားဆိုတာ မသိဘူး။ သမိုင်းကြောင်းကတော့ တရုတ်ကတော့ အမြဲတမ်း ပါတယ်ဗျာ။ တရုတ် ပါမယ်ဆိုရင် တရုတ်ရဲ့အနေအထားကတော့ ဒါကို သူက ဆိုင်းငံ့ထားတဲ့ အနေအထားမျိုးကို သူ့အနေနဲ့ တွန်းတွန်းတိုက်တိုက်နဲ့ စည်းရုံးသွားမယ်လို့တော့ ကျနော် တွက်တယ်။ ဘယ်သူ့ကိုမှ လက်ခံတာမျိုးကို သူက သဘောတူမယ်လို့ မထင်ဘူးဗျ။ ရုရှားကတော့ ဒီထဲမှာ ပါလာမလား၊ မပါလာဘူးလားဆိုတာ မသိသေးဘူးလေ။ မကြာသေးခင် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီ (Credentials Committee)) အဖွဲ့ဝင်တွေကို ရွေးချယ်တဲ့အခါမှ ဘယ်သူတွေ ပါမလဲဆိုတာ ကျနော်တို့ သိမယ်။အဲဒါတော့ အခုထက်ထိ လျှို့ဝှက်ထားထားသေးတဲ့အပေါ်မှာ မသိနိုင်ဘူးခင်ဗျ။ နောက်တချက်ကလေ တရုတ်နဲ့ ရုရှားရဲ့ မြန်မာအပေါ်ထားတဲ့ အခြေခံစဉ်းစားချက်ကတော့ မတူဘူးလို့ ထင်တယ်။ ရုရှားကတော့ တချိန်တုန်းက သူက ကွန်မြူနစ်စနစ်ရဲ့ ဦးဆောင်ဦးရွက် ဆိုဗီယက်ခေါင်းဆောင် ဖြစ်ခဲ့တဲ့အပေါ်မှာတော့ ဦးနေဝင်းတို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးမယ်၊ ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ် ဆိုပြီးတော့ ဆိုရှယ်လစ်အုပ်စုတွေကို လိုက်ပြီးတော့ အကူအညီပေးတဲ့ပေါ်မှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီးတော့ ပါလာတာရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာတော့ ရုရှားက မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဒေသဆိုင်ရာ နိုင်ငံရေးအရရော၊ သံတမန်ရေးရာအရရော မြန်မာနိုင်ငံဟာ သူ့အတွက် ဘာမှ အရေးမကြီးပါဘူး။ သူ့ထက်အရေးကြီးတာ ဘာလဲဆိုတော့ သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်မဟာမိတ်တွေကို ဆန့်ကျင်တော့ ကမ္ဘာ့ချိန်ခွင်လျှာ အင်အာကြီးနိုင်ငံတွေနဲ့ အမြဲတမ်းဆန့်ကျင်ဘက်လိုပေါ့နော်။ သူတို့လုပ်နေတာ တွေ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ အမေရိကန်နဲ့ မဟာမိတ်တွေ မလွှမ်းမိုးသွားရအောင်၊ သြဇာမထူထောင်အောင် သူတို့ကာကွယ်မယ့်သဘောထားတော့ တွေ့ရတယ်။ နောက်တချက်က လက်နက်နဲ့ပတ်သက်ပြီးတော့ သူတို့အဓိကရောင်းရတဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါနေတဲ့အခါကျတော့ လက်နက်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းကနေပြီးတော့ သူတို့အတွက် အကျိုးအမြတ်တွေ အများကြီးရနေတယ်။ ကျန်တဲ့ ပထဝီနိုင်ငံရေး တခြားရေးရာတွေကတော သူ့အတွက် သိပ်ပြီးတော့ အမျိုးသားအကျိုးစီးပွားကို အထောက်အကူမပြုပါဘူး။ အမေရိကန် ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံမှာ အနောက်တိုင်းအုပ်စုတွေ လာသြဇာမထူထောင်နိုင်အောင် သူတို့က စစ်ကောင်စီကို ပံ့ပိုးနေတာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူနဲ့မတူတာက တရုတ်အစိုးရကျတော့ မတူဘူးဗျ။ တရုတ်က နှစ်နိုင်ငံ ဆက်ဆံရေးမှာကိုက ပါတီချင်း ဆက်ဆံတာရှိတယ်၊ စစ်တပ်ချင်း ဆက်ဆံတာရှိတယ်၊ အစိုးရချင်း ဆက်ဆံတာရှိတယ်၊ စီးပွားရေးကဏ္ဍတွေနဲ့ ဆက်ဆံရတာမျိုးတွေရှိတော့ တရုတ်အစိုးရက အစိုးရအနေနဲ့ စစ်ကောင်စီကို ဆက်ဆံနေသလိုမျိုး ရှိပေမဲ့ ပါတီအနေနဲ့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီနဲ့က ဆက်လက်ပြီးတော့ သူက မိတ်မပျက် ဆက်ဆံသွားမယ့် အနေအထားကိုတော့ ဆက်ထိန်းမှာပဲဗျ။ လုံးလုံးလျားလျားကြီး စစ်ကောင်စီကို ပစ်ပြီးတော့ ထောက်ခံမှာတော့ မဟုတ်ဘူး။ သူလည်း အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ သြဇာမြန်မာနိုင်ငံမှာ မထူထောင်နိုင်အောင် ကာကွယ်ဖို့တာဝန် သူ့အမျိုးသားအကျိုးစီးပွားမှာ ရှိနေတာကိုး၊ ဆိုတော့ ကျနော် ထင်ပါတယ်။ သူကတော့ ရုရှားလောက် မဟုတ်ဘူး။ ဒါပေမဲ့ အကျိုးစီးပွားကတော့ ရုရှားထက် အများကြီး မြန်မာနိုင်ငံအပေါ်မှာ သူ့မှာရှိတယ်ဆိုတာကို မြင်တော့ မြန်မာနိုင်ငံရေးကို သူ တကယ်ဖြေရှင်းတဲ့အခါမှာ အနောက်နိုင်ငံရဲ့ သြဇာမလွှမ်းမိုးရေးတခုတည်းကို ကြည့်ပုံမရဘူး။ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံရေး အခင်းအကျင်းတွေကိုလည်း သူက လိုက်လျောညီထွေ ဆက်ဆံရမယ့်သဘောမျိုး ကျင့်သုံးမယ်လို့ ထင်ပါတယ်ခင်ဗျ။”

မေး— စစ်ကောင်စီ အာဏာသိမ်းတာ ၇ လကျော်လာပြီ။ စီဒီအမ်လှုပ်ရှားမှုကြောင့် ရုံးတွေလည်း မလည်ပတ်နိုင်သေးဘူး။ ဘဏ်လုပ်ငန်းတွေလည်း ရပ်နေ၊ တန့်နေတယ်။ အန်ယူဂျီဘက်ကတော့ မျက်မြင်အရ နိုင်ငံတကာထောက်ခံမှု အားကောင်းတာ တွေ့ရပါတယ်။ စစ်ကောင်စီဘက်ကရော သူ့ရဲ့အားသာချက်တွေက ဘာတွေဖြစ်နိုင်လဲ၊ သူ့ရဲ့အဓိကအားနည်းချက်တွေက ဘာတွေ ဖြစ်နိုင်လဲ။ စစ်ကောင်စီအပေါ် ဘယ်လိုသုံးသပ်လဲ ဆရာ။

ဖြေ— “အဖွဲ့တိုင်းကတော့ သူ့မှာ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ ခြိမ်းခြောက်မှုတွေကတော့ ရှိကြတာပေါ့ဗျာ။ စစ်ကောင်စီမှာလည်း အခွင့်အလမ်းတခုတော့ ရှိသေးတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ ရုရှားနဲ့ တရုတ်ရဲ့ ထောက်ခံမှုကိုယူပြီးတော့ နိုင်ငံတကာမျက်နှာစာမှာ သူက တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ ပုံမျိုးကို သူက လုပ်နိုင်သေးတဲ့ အခွင့်အလမ်းတခုတော့ ရှိသေးတယ်။ နောက်တခါ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ခရီးစဉ်ကို သူက လက်ခံလိုက်ပြီးတော့၊ အသုံးချပြီးတော့ သူတို့ဟာ တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးကို လုပ်ပြမယ်။ ဒီထက်ပိုပြီးတော့ လုပ်ပြနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သက်ဆိုင်သူတွေကို ဒီကိုယ်စားလှယ်နဲ့ ပေးပြီးတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပေးမယ်။ ဒါလည်း ပြတ်တောင်းပြတ်တောင်း လုပ်ပြမယ်။ အဲလိုလုပ်ပြခြင်းအားဖြင့် သူဟာ နိုင်ငံတကာကနေ ဖိအားတွေ လျော့သွားအောင်၊ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရပ်သွားအောင်၊ သူ့ကို တရားဝင်အစိုးရလို သဘောထားပြီး သူက အချိန်ဆွဲမယ်၊ အာရုံပြောင်းမယ်၊ အဲလိုမျိုးနဲ့ သူက လုပ်သွားနိုင်တဲ့ အခွင့်အလမ်းတခုလည်း ရှိပါသေးတယ်။ ဒီထက်ပိုပြီးကောင်းတဲ့ အခွင့်အလမ်း ကတော့ ဒါ စိတ်ကူးယဉ်တယ်ပဲ ပြောပြောပေါ့ဗျာ၊ တကယ်လို့ တပ်မတော် ခေါင်းဆောင်တွေထဲမှာ အပြောင်းအလဲ လုပ်လိုက်ပြီးတော့ တပ်မတော်ဟာ နိုင်ငံရေးကနေ ဆုတ်ခွာဖို့ ကတိပြုတာတွေ၊ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ပြီးတော့ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီးတော့ သက်ဆိုင်သူတွေကို အရေးယူမယ်ဆိုပြီးတော့ ကတိပေးမှုတွေ၊ နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းဖို့ သဘောတူမယ်ဆိုတာမျိုးတွေကို၊ ပြည်သူ လိုလားတောင်းဆိုတဲ့ဟာတွေကို သူက လက်ခံပါမယ်ဆိုပြီးတော့ ကတိမျိုးတွေကို ပေးလိုက်မယ် ဆိုရင်တော့ ကျနော် ထင်တယ်။ သူ့ကို ပြည်သူကရော၊ နိုင်ငံတကာကရော တစုံတရာပြန်ပြီးတော့ နားလည်ခွင့်လွှတ်လာလိမ့်မယ်ဆိုတဲ့ သဘောမျိုးနဲ့ အဲဒီအခွင့်အလမ်းကို သူ အသုံးချသွားနိုင်တယ်။ ဒါက စိတ်ကူးယဉ်ပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ နိုင်ငံရေးမှာ မဖြစ်နိုင်ဘူး ဆိုတာလည်း ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ပြိုကွဲစရာအကြောင်းတွေကို ကြုံလာရတဲ့အခါမှာ တပ်မတော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးမယ်ဆိုရင်တော့ တပ်မတော် မပြိုကွဲအောင် ထိန်းသိမ်းဖို့က ဒီတခုပဲ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ အာဏာရှိ စစ်ခေါင်းဆောင်တွေကတော့ ဒီအခွင့်အလမ်းကို ရွေးချယ်မှာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ ပြည်သူကို ချစ်တဲ့ တပ်မှူးတွေကတော့ ဒီအခွင့်အလမ်းကို အသုံးချပြီးလုပ်မယ်ဆိုရင် ဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေကတော့ အကဲဖြတ်ချက်အပေါ်မှာ မူတည်မှာပေါ့ဗျာ။ တခုရှိတာက သူ့မှာ ခုနပြောတဲ့ အခွင့်အလမ်းက အားသာချက်က နည်းနည်းလေးပဲ ရှိတယ်ဗျ။ အားနည်းချက်တွေက ပိုပြီးများတယ်လို့ ကျနော် မြင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အခုတောင် သံတမန်ရေးအကျပ်အတည်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စစ်ရေး အကျပ်အတည်းတွေကို ကြုံနေရပြီလေ။ အဲဒီတော့ အာဏာသိမ်းကတည်းက ကြုံလိုက်တဲ့ အကျပ်အတည်းတွေဟာ မဖြေရှင်းနိုင်တဲ့အပေါ်မှာ နောက်ဆိုရင် ပိုပြီးများလာမယ်ကို ကျနော် မြင်ပါတယ်။ သံတမန်ရေးအရ ကြည့်မယ်ဆိုရင် ရုရှားနဲ့ တရုတ်ကလွဲရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို ၇ လတိတိ လုံးဝ မရသေးဘူး။ အရင်တုန်းကဆိုရင် လပိုင်းနဲ့ ရသွားတာ ရှိတယ်။ ဒီတခေါက် နွေဦးတော်လှန်ရေးမှာ အခုထက်ထိ မရသေးဘူး။ အခုထက်ထိ ကမ္ဘာ့ဇာတ်ခုံမှာ လူရာမဝင် ဖြစ်နေတုန်းပဲ။

ပိုဆိုးတာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့လို၊ လူ့အခွင့်အရေးကောင်စီတို့လိုမှာတောင် သူ့ကိုယ်စားလှယ်တွေ တက်ခွင့်မရဘဲ ငြင်းပယ်ခံရတာမျိုးတွေ ဖြစ်လာပြီ။ နောက်ဆိုရင် ယူအန် (ကုလသမဂ္ဂ) ကိုယ်စားလှယ်အဖြစ်နဲ့တောင်မှ သူ့လူတွေ  တယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့အကျပ်အတည်းတွေပေါ့ဗျာ။ အလားတူ ဆုံးရှုံးမှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဒီထက်ပိုပြီးတော့ အများကြီးတိုးလာလိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံ ကိုယ်စားလှယ်ခရီးစဉ်အပေါ် မူတည်ပြီးတော့ ရလဒ်ကောင်းတွေ မထွက်ဘူးဆိုရင်တော့ ဖိအားတွေ ပိုများလာနိုင်တယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုများလာနိုင်တယ်၊ ဒါက သံတမန်ရေးရာ အရပေါ့ဗျာ။ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လည်းပဲ ပြည်တွင်းက နိုင်ငံရေးပါတီအများစုနဲ့ လူထုတရပ်လုံးက ဒီကနေ့အထိ စစ်ကောင်စီကို အစိုးရအဖြစ်နဲ့ အသိအမှတ်မပြုဘဲနဲ့ ဘက်ပေါင်းစုံကနေပြီးတော့ ဆက်လက်ပြီးတော့ ဆန့်ကျင်တော်လှန်နေကြသလိုပဲ စီဒီအမ် လှုပ်ရှားမှုကလည်း ဆက်ပြီးတော့ အားကောင်းနေတုန်းပဲ။ ဒါကြောင့်မို့ အစိုးရယန္တရားတွေ လည်ပတ်ဖို့ အများကြီး ခက်ခဲလာတာကို တွေ့ရတယ်။ ရပ်တောင် ရပ်သွားမယ့် အနေအထားမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။ နောက်တခုက ပြန်ကြည့်မယ်ဆိုရင် သူ့ကို စီးပွားရေးအရ ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ၀င်ငွေတွေ၊ အခွန်တွေ၊ သူတို့ရဲ့ ပြည်တွင်းက အခွန်အကောက်တွေ၊ နောက်ပြီးတော့ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီက ရတဲ့ဝင်ငွေတွေကလည်း သိသိသာသာ ကျဆင်းလာတဲ့အပေါ်မှာ နိုင်ငံကို လည်ပတ်ဖို့အတွက် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ သူတို့ ပိုပြီးကြုံလာရတယ်။ အဲဒီတော့ ဒီအပေါ်မှာ နိုင်ငံခြား ကုမ္ပဏီတွေ ထွက်သွားတာတွေလည်း ရှိတယ်။ အခွန်မပေးတော့ဘဲ ရပ်နေတာမျိုးတွေလည်း ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်စဲသွားတာတွေလည်း ရှိတယ်။ စတာတွေ တွေ့ရတယ်ဆိုတော့ ပိုပြီးတော့။ မကြာသေးခင်က ငွေစက္ကူတွေ ရိုက်နှိပ်ပြီးတော့ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာကို တွေ့ရသလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း အဆမတန် တက်လာတာကို တွေ့ရတယ်။ နောက်ဆုံး ဘဏ်စနစ်တွေကိုပါ ထိန်းချုပ်လိုက်တဲ့အပေါ်မှာ ဘဏ်စနစ်ကြီးတခုလုံး အကြီးအကျယ်ထိခိုက်သွားနိုင်တဲ့ အနေအထား တွေ့တယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ကြည့်ရင်လည်းပဲ ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ ပြဿနာတွေကို သူတို့က ထိန်းချုပ်တဲ့နေရာမှာ၊ ကာကွယ်ကုသတဲ့နေရာမှာ အင်မတန်ညံ့ဖျင်းမှုနဲ့ ကြုံရတဲ့အတွက်ကြောင့် ကြီးကြီးမားမား ပြဿနာတွေ ကြုံရမယ်။ သူတို့စာရင်းမထုတ်ဖော်ပေမယ့် တပ်မတော်ထဲမှာရော၊ လူထုကြားထဲမှာရော ကိုဗစ်-၁၉ ကြောင့် သေရတဲ့လူတွေဟာ သတင်းထုတ်ပြန်ချက်နဲ့စာရင် အဆပေါင်းများစွာ ပိုများမယ်လို့ ကျနော် ထင်တယ်။ ဒါတွေကလည်း တတိယလှိုင်း။ စတုတ္ထလှိုင်းတွေ ဝင်လာရင် ဘယ်လိုမှ သူ ကိုင်တွယ်ဖြေရှင်းနိုင်လို့မရတဲ့ အနေအထားမျိုး ကြုံရမယ်။ ဒါတွေက တကယ့်ကြီးမားတဲ့ အကျပ်အတည်းကြီးတခု ဖြစ်လာလိမ့်မယ်။ စစ်ရေးအရကလည်း နယ်စပ်တွေမှာ  တပ်ပြေးတွေ၊ ရဲပြေးတွေ ပိုများလာတဲ့အပြင် သူတို့ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း များသထက်များလာပြီ။ ပိုပြီးတော့ ထိထိရောက်ရောက် တိုက်ခိုက်လာနိုင်တာကို တွေ့ရတဲ့အခါကျတော့ မြို့ထဲမှာ စစ်ကောင်စီ၊ စစ်သားတွေနဲ့ ရဲတွေရဲ့ လုံခြုံရေးဟာ ဘယ်လိုမှ အာမခံချက်မရှိတော့တဲ့ အနေအထားကို ရောက်လာတယ်။ နယ်စပ်တွေမှာလည်း အီးအေအို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ခံရမယ်။ အန်ယူဂျီအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပီဒီအက်ဖ်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေလည်း မကြာခင် တစုတစည်း တည်းခံရဖို့ အလားအလာရှိတဲ့အခါကျတော့ အသေအပျောက် များလာမယ်၊ ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာမယ်။ စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာ ကျဆင်းမှုတွေ ဖြစ်လာနိုင်ပြီးတော့ စစ်တပ်ကို ထိန်းချုပ်ဖို့ အင်မတန်ခက်ခဲမှုတွေ ဖြစ်လာနိုင်တယ်။ တပ်တွင်းပြိုကွဲမှုတွေ ဖြစ်လာနိုင်တဲ့အဆင့်ထိ သူတို့အကျပ်အတည်းတွေ ကြုံရနိုင်တယ် ခင်ဗျ။”

မေး— NUG ကနေပြီးတော့ တိုက်ပွဲတွေ၊ စစ်ပွဲတွေ ဖြစ်လာနိုင်တယ် ပြင်ဆင်ထားဖို့ဆိုပြီးတော့ ပြည်သူကို အသိပေးချက် အပိုင်း ၅ ပိုင်း ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေး ဘယ်လို ပြင်ဆင်ထားရမယ် စသဖြင့်ပေါ့။ NUGနဲ့ PDF တို့က EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အခြေပြုထားနေကြတယ် ဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ကြမယ့် ဒီပွဲမှာ EAO တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးသလဲ ဆရာ။ NUG တရားဝင်မှုမှာ အားကောင်းသလို EAO တွေလည်း နယ်မြေထိန်းချုပ်နိုင်မှုမှာ အားကောင်းတော့လေ။  

ဖြေ— “ကျနော်ကိုယ်တိုင်လည်း နှစ်သုံးဆယ်လောက် အီးအေအို တွေနဲ့ မဟာမိတ်သဘောနဲ့ လက်တွဲလုပ်ဆောင်ခဲ့ဖူးတော့ သူတို့အကြောင်းကို ကောင်းကောင်းနားလည်ပါတယ်။ အီးအေအိုတွေက သူတို့လူမျိုးရဲ့၊ သူတို့နယ်မြေရဲ့ လုံခြုံရေးနဲ့ သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ ကျင့်သုံးနိုင်ဖို့အတွက် သူတို့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ဖို့ သူတို့ တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို သူတို့လိုလားတယ်ဆိုတာ ဘာမှ အငြင်းပွားစရာမရှိပါဘူး။ သို့သော် တချိန်လုံး သူတို့ကို စစ်အစိုးရအဆက်ဆက်ကနေ သူတို့ကို လှည့်စားလိမ်ညာပြီးတော့ ကတိပေးပြီးတော့ လုပ်ခဲ့တဲ့အပေါ်မှာတော့ သူတို့က ကနေ့အထိ ဒီအခွင့်အရေးတွေကို ဆုံးရှုံးနေတုန်းပဲ။ အန်ယူဂျီအနေနဲ့ကတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ကတိကဝတ်လည်း ပေးထားပြီးပြီ။ လုပ်ငန်းစဉ်တွေလည်း ချပြီးပြီဆိုတော့ အန်ယူဂျီအနေနဲ့ အီးအေအိုတွေနဲ့ လက်တွဲ လုပ်ဆောင်နိုင်တဲ့အပိုင်းကတော့ အရင်ကထက်စာရင်တော့ အများကြီး တိုးတက်မှုရှိတယ်လို့ ကျနော် မြင်တယ်။ ကျနော် ပြောချင်တာက အီးအေအိုရဲ့ ရည်ရွယ်ချက်က ရှင်းတယ်။ သူတို့က သူတို့လူမျိုးတမျိုးလုံးရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ကြတာ။ ဆိုတော့ ဒါကို ရမယ်ဆိုရင် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် သူတို့ သဘောတူမှာပဲ။ ဒါကို မရဘဲနဲ့ ဘယ်လို ပြည်ထောင်စုမျိုးပဲ တည်ဆောက်တည်ဆောက် သူတို့လက်ခံမှာ မဟုတ်ဘူး။ တပြည်ထောင် တည်ဆောက်လည်း လက်မခံဘူး။ အတုအယောင် ဖက်ဒရယ် တည်ဆောက်မယ် ဆိုလည်း လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ရပ်တည်ချက်ကတော့ ရှင်းတယ်၊ ပြတ်သားတယ်။ ဒါကိုတော့ ကျနော်တို့ ပြည်သူတွေအကုန်လုံး ရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ သူတို့မပါဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့မရဘူး ခင်ဗျ။ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့ တည်ဆောက်လို့မရဘူးခင်ဗျ။ အားလုံးပါ၀င်တဲ့ အီးအေအိုတွေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကသာလျှင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို စစ်စစ်မှန်မှန် တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အဲဒီတော့ ဒီအချိန်မှာ နည်းနည်းပြောချင်တာက အီးအေအိုတွေအနေနဲ့ သမိုင်းကြောင်းတလျှောက်လုံးမှာ အလိမ်ခံခဲ့ရတဲ့အပေါ်မှာတော့ ကနေ့အနေအထားမှာ သူတို့ သတိကြီးကြီးနဲ့ ဆက်ဆံနေတာမျိုးကို ကျနော် တွေ့ရတယ်။ ဒါကို ပြစ်တင်စရာ အကြောင်းမရှိပါဘူး။ ဒါကို နားလည်ကြဖို့ လိုပါတယ်။ တခုပဲ ကျနော်တို့က သူတို့တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပေးနိုင်မယ်ဆိုရင်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက အကောင်းဆုံးသက်သေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အန်ယူဂျီတို့၊ အန်ယူစီစီ (အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ) တို့ အဲဒီမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းအောင်လုပ်နေတဲ့ကိစ္စတွေက တကယ့်အသက်သွေးကြော ဖြစ်လာပါလိမ့်မယ်။ အဲဒီမှာ ဆုံချက်ဖြစ်ပါလိမ့်မယ်။ အဲဒီမှာ ကျနော်တို့ သေသေချာချာ ညှိနှိုင်းပြီးတော့၊ အခု ဖက်ဒရယ်ချာတာကို အခြေခံပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာအောင် လုပ်ကြပါ။ အဲဒါက ကျနော်တို့ အန္တိမရည်မှန်းချက်ပဲ။ အဲသလို ရေးဆွဲနေတဲ့ ကာလကြားထဲမှာ အီးအေအိုတွေဆီမှာ ကျနော်တို့ လက်နက်ကိုင်နဲ့ပတ်သက်တဲ့ စစ်ရေးပညာတွေ လေ့လာဖို့ လိုတယ်။ အီးအေအိုတွေကို လေးလေးစားစား ဆက်ဆံဖို့ လိုတယ်။ ဒေသခံလူထုတွေကို နားလည်စွာနဲ့ လေးလေးစားစား ဆက်ဆံပြီးတော့ ရိုင်းပင်းကူညီဖို့လိုတယ်။ သူတို့ရဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို နိုင်ငံတကာကို တောင်းဆိုပြီးတော့ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဖို့ လိုတယ်။ ပြီးတော့ ကျနော်တို့ရဲ့ တော်လှန်ရေး အပေါ်မှာလည်းပဲ အပြည့်အဝ ထောက်ခံလာအောင်၊ ပိုပြီး ထောက်ခံသထက် ထောက်ခံလာအောင် ပိုပြီးတော့ စည်းရုံးဖို့ လိုတယ်။  ပူးပေါင်းပါ၀င်လာအောင် ကျနော်တို့ စည်းရုံးဖို့လိုတယ်။ အဲသလို အီးအေအိုတွေနဲ့ လက်တွဲ ဆောင်ရွက်မှသာလျှင် ဒီစစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းနိုင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ထင်တယ်။ အဲဒီတော့ ဒီမိုကရေစီတခုတည်းနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းအောင် မလုပ်နိုင်ဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ နှစ်ခုလုံး ဟန်ချက်ညီ ပါ၀င်တည်ဆောက်မှာသာလျှင် ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။”

မေး— တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပဋိညာဉ်ထဲမှာလည်း ထည့်ရေးတာ တွေ့ရပါတယ်။ ကမ္ဘာ့မျက်နှာစာမှာ ရိုဟင်ဂျာအပေါ် ရှုမြင်ချက်နဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရှုမြင်ချက်က တထပ်တည်း ကျပြီလား။ အဲဒါကလည်း နိုင်ငံတကာရဲ့ မေးခွန်းတိုင်းမှာ တွေ့နေရလေ့ရှိပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘာတွေ အာမခံဖို့ လိုမလဲ ဆိုတာကိုရော ဆရာ ပြောပြနိုင်မလား။

ဖြေ— “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စကတော့ ကျနော်တို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအတွက် အရေးကြီးသလိုပဲ နိုင်ငံသားဖြစ်မှုဆိုတဲ့ အခွင့်အရေးကလည်းပဲ ကျန်သူတွေအတွက် အရေးကြီးပါတယ်။ ကျနော် ပြောချင်တာက မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံသားဖြစ်ဖြစ် လူ့အခွင့်အရေးတော့ ရှိရမယ်ဗျ။ မြန်မာနိုင်ငံသား ဖြစ်တဲ့သူလည်း လူ့အခွင့်အရေး ရှိရမှာပဲ။ မြန်မာနိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားလည်း လူ့အခွင့်အရေးရှိရမှာပဲ။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့သူတွေ ဖြစ်တယ်။ နိုင်ငံသားတွေ ဖြစ်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ဦးနေဝင်းအစိုးရလက်ထက်မှာ နိုင်ငံသား ရုပ်သိမ်းလိုက်လို့ နိုင်ငံသားအဖြစ်ကနေ ဆုံးရှုံးသွားတဲ့သူတွေသာ ဖြစ်တယ်။ ဆိုတော့ ဒီမြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအခွင့်အရေးကို ဖယ်ရှားပစ်လိုက်လို့ ကနေ့ ဒီပြဿနာကို ကြုံနေရတာ။ တကယ်လို့ ရိုဟင်ဂျာတွေကို အရင်တုန်းကလို နိုင်ငံသားအခွင့်အရေးအတိုင်းပဲ မြန်မာနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှစွာ သူတို့ကို ပေးမယ်ဆိုရင် ဒီအခွင့်အရေးပြဿနာကို ကျနော်တို့ ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အန်ယူဂျီ (အမျိုးသားညီညွတ်ရေးအစိုးရ)ကနေ ကတိပြုထားပါတယ်။ ဖြစ်စဉ်တွေကိုလည်း။ ဆက်ပြီးလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီတော့ ရိုဟင်ဂျာဟာ ကျနော်တို့ ဗမာ၊ ကရင်၊ ရှမ်း၊ ချင်း၊ ကယား ဒီလူမျိုးတွေလိုပဲ ရိုဟင်ဂျာ ဆိုတဲ့လူမျိုးကလည်းပဲ မြန်မာနိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဆက်ဆက်က ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ ပြောခဲ့တဲ့အပိုင်းတွေ ကျနော်တို့ ကြားခဲ့မှာပါ။ ကျနော်တို့ကတော့ လူ့အခွင့်အရေးရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အသိအမှတ်ပြုတဲ့အပေါ် ကျနော်တို့ အသိအမှတ်ပြုရမှာပဲ၊ ရိုဟင်ဂျာလို့ ခေါ်ပေးရမှာပဲ။ ဒါကို မကျေနပ်တဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီအချိန်ဒီအခါမှာတော့ ကျနော် မြင်ပါတယ်၊ ရိုဟင်ဂျာတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်လာပြီလို့ ကျနော် ထင်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝပေးဖို့၊ ကျန်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးကနေ လက်ခံလာပြီလို့ ထင်ပါတယ်။ ဒါကိုလည်းပဲ ရရှိဖို့အတွက် နိုင်ငံသားဥပဒေကို ပြန်လည်ပြုပြင်ပြောင်းလဲပြီးတော့ ရိုဟင်ဂျာသာမကဘူး၊ နိုင်ငံသားမဖြစ်သေးတဲ့ မြန်မာနိုင်ငံထဲက နိုင်ငံသားတွေကိုလည်းပဲ နိုင်ငံသားပြန်ဖြစ်အောင် အများကြီး ကျနော်တို့ အာမခံချက်လုပ်ပေးဖို့ လိုပါတယ်။ တချို့ဆိုရင် မြန်မာနိုင်ငံသား မဖြစ်သေးဘဲနဲ့ မြန်မာနိုင်ငံမှာ နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဆိုတော့ သူတို့တွေက တလျှောက်လုံး ဒီမှာမွေး၊ ဒီမှာကြီးလာတဲ့ လူမျိုးတွေ ဖြစ်လျက်သားနဲ့ မြန်မာနိုင်ငံသား မဖြစ်သေးတဲ့သူတွေ အများကြီး ရှိတာကို တွေ့ရတယ်။ အဲဒီတော့ ခြုံပြောရရင် ရိုဟင်ဂျာ အပါအဝင် မြန်မာနိုင်ငံသားမဖြစ်သေးတဲ့ မြန်မာနိုင်ငံထဲက ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ အကုန်လုံးကို  နိုင်ငံသားဖြစ်ရေးအတွက် နိုင်ငံသားဥပဒေကို ပြန်လည်ပြီးတော့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျနော် ထင်ပါတယ်။”

မေး— ကုလသမဂ္ဂ၊ ပြည်တွင်းပြည်ပ၊ အနောက်နိုင်ငံ စတဲ့ ဒီမိုကရေစီနိုင်ငံတွေက အန်ယူဂျီ၊ ပီဒီအက်ဖ် စတဲ့လှုပ်ရှားမှုတွေ၊ နွေဦးတော်လှန်ရေးမှာ သတ္တိပြောင်တယ်ဆိုပြီး ချီးကျူးတာ ပြည်သူတွေက သတင်းတွေကြည့်ပြီး အားရကျေနပ်ပါတယ်။ တဆက်တည်းမှာ ပြည်သူတွေက ၀င်ငွေနည်းတော့၊ ၀င်ငွေမရှိကြတော့ ကျပ်တည်းနေကြပေမယ့်လည်း တောင့်ခံနေကြတယ်ပေါ့။ သူတို့အတွက် မေးခွန်းက ဘယ်လောက်ထိအောင် ဆက်ပြီးတော့ တောင့်ခံရမလဲ။ ဘယ်လောက်ထိ ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲဆိုတာလည်း တွေးကြပါတယ်။ ပြည်သူတွေကို ဆရာ ဘာပြောနိုင်မလဲ။

ဖြေ— “ပြည်သူ ဆိုတဲ့နေရာမှာ ကျနော့်အနေနဲ့ အရင်ဆုံး နိုင်ငံရေးအကြံပေးချက်တခု ပေးချင်ပါတယ်။ အဲဒါက မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုတွေနဲ့ လူမျိုးစုံ၊ ဘာသာပေါင်းစုံ၊ အလွှာပေါင်းစုံ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို မြန်မာနိုင်ငံသားတွေကပဲ အဓိက ညှိနှိုင်း၊ ပူးပေါင်းဖြေရှင်းရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးဖို့လိုပါတယ်။ ဒီလို ဖြေရှင်းတဲ့အခါ ကျနော်တို့ အရင်းအနှီးတွေ အများကြီး ပေးဆပ်ရမယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ လက်ခံထားဖို့ လိုပါတယ်။ နောက်တခုက အတိတ်က လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေး ပြဿနာတွေ၊ ပဋိပက္ခတွေအပေါ်မှာ တွယ်ကပ်မနေဘဲနဲ့ ဒါတွေကို သင်ခန်းစာယူပြီးတော့ အနာဂတ်မှာ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုလက်ခံတဲ့၊ အပြန်အလှန်လေးစားမှုရှိတဲ့ အသိုက်အဝန်းတခုကို တည်ဆောက်မယ်ဆိုတဲ့ ခံယူချက် ကိုင်စွဲပြီးတော့ ဖြစ်လာသမျှကို ကြံ့ကြံ့ခံဖြေရှင်းဖို့ အကြံပြုချင်ပါတယ်။ နောက်တခုက ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းအခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ သန္နိဌာန်ကို ခိုင်ခိုင်မာမာချဖို့ လိုပါတယ်။ ဒီစိတ်ဓာတ်တွေ၊ ခံယူချက်တွေ၊ သန္နိဋ္ဌာန်တွေကို ချဖို့အတွက် ပြည်သူတဦးချင်းမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း အကြံပြုလိုပါတယ်။ ဒါတွေ အောင်မြင်ဖို့အတွက် ကျနော်တို့ တဦးချင်း၊ တဖွဲ့ချင်း ပေးဆပ်ရမယ့် အပိုင်းတွေလည်း ရှိတယ်ဆိုတာကိုလည်း ကျနော်တို့ နားလည်လက်ခံထားစေချင်ပါတယ်။ ဆိုတော့ ဘာပြောပြောဗျာ နွေဦးတော်လှန်ရေးကို ကြည့်လိုက်တဲ့အခါမှာ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဆက်ပြီးတော့ အားပေးထောက်ခံကြပါ။ စီဒီအမ်လှုပ်ရှားမှုကို ကြံ့ကြံ့ခံနိုင်အောင် ဆက်လက်ပြီးတော့ အားပေးထောက်ခံကြပါ၊ အားပေးကူညီကြပါ။ စစ်ကောင်စီတပ်တွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုလည်းပဲ အားပေးကူညီထောက်ခံကြပါ။ နောက်ပြီးတော့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ၊ သတင်းပေးတွေ၊ သူလျှိုတွေ၊ ဒလန်တွေ၊ သူတို့နဲ့ပတ်သက်တဲ့သူတွေကိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်ထုတ်ပြီးတော့ သတင်းပေးကြပါ။ စီအာပီအိပ်ချ် (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) နဲ့ အန်ယူဂျီရဲ့ မေတ္တာရပ်ခံချက်တွေ၊ တိုက်တွန်းချက်တွေ၊ နှိုးဆော်ချက်တွေကိုလည်း မျက်ခြည်မပြတ် နားထောင်ပြီးတော့ ဆောင်ရွက်ပေးကြပါ။ ထောက်ခံပေးကြပါ။ အန်ယူဂျီရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၀င်ရောက်လာပြီးတော့ စစ်ကောင်စီကို တိုက်ခိုက်မှု ရှိတဲ့အခါမှာလည်းပဲ အန္တရာယ်ကို ရင်ဆိုင်ပြီးတော့ အားပေးထောက်ခံ ကူညီပေးကြပါ။ ကိုယ့်အချင်းချင်းကြားထဲမှာလည်း ရဲဘော်ရဲဘက်စိတ်နဲ့ ရိုင်းပင်းကူညီစောင့်ရှောက်ဖို့အတွက် ကျနော့်အနေနဲ့ အကြံပြုတိုက်တွန်းချင်ပါတယ်။ အခက်အခဲတွေနဲ့ အန္တရာယ်တွေအများကြီး ရင်ဆိုင်ရမယ်ဆိုတာကိုတော့ ကြိုတင်တွေးထားဖို့ လိုပါတယ်။ ဒါတွေကို မကျော်လွှားဘဲနဲ့တော့ ကျနော်တို့ အောင်ပွဲကို မရနိုင်ပါဘူး။ ပေးဆပ်မှုမရှိဘဲနဲ့တော့ ပန်းတိုင်ကို မရောက်နိုင်ဘူးဆို တာကို ကျနော့်အနေနဲ့ အလေးအနက် သတိပြုစေချင်ပါတယ်။

မေး— အချိန်ပေးပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။

ဖြေ- ကျေးဇူးပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024