ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ စက်တင်ဘာ ၅ ရက် ညပိုင်းက စစ်ကောင်စီ ပြန်ကြားရေးဌာနလက်အောက်ခံ ပြန်ဆက်ရုံး ရှေ့ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။
သရက်ကုန်းလမ်းထိပ်မှာရှိတဲ့ ပြန်ဆက်ရုံးရှေ့မှာ ည ၉ နာရီနဲ့ ၉ နာရီခွဲလောက်မှာ ဗုံး ၂ လုံး ၁၅ မိနစ်လောက်စီခြားပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေါက်တာကတော့ အသံတော်တော်ကျယ်တယ်။ မြေကြီးတွေပါ တုန်သွားတာ။ အပြင်မထွက်ရ အချိန်ဆိုတော့ နေရာသေချာမသိကြဘူး။ ဒီမနက်မှ နေရာသိရတာ”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ပြန်ဆက်ရုံးရှေ့ကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက လမ်းပိတ်ဆို့ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ငါးသိုင်းချောင်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းက စတင်ကာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့ထိ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်မကရှိခဲ့တယ်လို့ သိရပါတယ်။