ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံး ခံစားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေကို အရင်းနဲ့အတိုး တပေါင်းတည်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ချေးငွေကပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီချေးငွေတွေကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဧပြီလကနေ စတင်ပြီး အသုတ်လိုက် ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေသက်တမ်း တစ်နှစ် သတ်မှတ်ပြီး ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးပေးခဲ့တာပါ။
စစ်ကောင်စီလက်ထက်မှာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ရာမှာ ငွေကြေးလည်ပတ်မှု အဆင်ပြေစေဖို့အတွက် ချေးငွေပြန်ဆပ်ကာလကို နောက်ထပ် ၆ လစီ သက်တမ်းတိုးပေးခဲ့ပါတယ်။
ဒါကြောင့် ချေးငွေခွင့်ပြုသက်တမ်း တစ်နှစ်နဲ့ ခြောက်လထက် ကျော်လွန် ပျက်ကွက်တဲ့ လုပ်ငန်းရှင်တွေက ရက်အလိုက် ကောက်ခံမယ့် ဒဏ်ကြေးငွေကို သတ်မှတ်ချက်အတိုင် ပေးဆောင်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတာကြောင့် အစိုးရက မတည်ထူထောင်ထားတဲ့ ကိုဗစ်−၁၉ ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံကို အထိနာဆုံး စီးပွားရေးကဏ္ဍတွေက လုပ်ငန်းရှင်တွေအတွက် ချေးငွေထုတ်ပေးဖို့ NLD အစိုးရ လက်ထက်က စီစဉ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုရဲ့ဘဏ္ဍာရန်ပုံငွေထဲက ကျပ် ၁၀၀ ဘီလီယံကို ဒုတိယအသုတ် ချေးငွေ အစီအစဉ်အတွက် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါတယ်။