မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ လူငယ် ၉ ဦးကို စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ နိုင်ငံရေးလုပ်သူတွေ မဟုတ်ကြဘဲ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်လေးတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ကလေးတွေက ကျောင်းကလည်း မတက်ရတော့ လစ်တာနဲ့ ချောင်းဖျားဘက် တက်ကြတယ်။ အခုရာသီက ရေတံခွန်တွေ ပေါတယ်လေ။ သူတို့သွားရင် ဆိုင်က စားစရာတွေ ပါဆယ်ဘူးနဲ့ ယူသွားတတ်တယ်။ ဒါကို သူတို့က မသင်္ကာတာဖြစ်မယ်”လို့ ဖမ်းဆီးခံရသူတွေထဲက ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းကလည်း မင်းတုန်းမြို့နယ် လက်ပံဝရွာက လူငယ် ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
မင်းတုန်းမြို့မှာ တော်လှန်ရေးသမား မရှိသလို အန်အယ်လ်ဒီ လွှတ်တော်အမတ် ၃ ယောက်စလုံး ကလည်း စစ်ကောင်စီထံမှာ ခံဝန်လက်မှတ်ထိုးထားကြတယ်လို့ သိရပါတယ်။