ပဲခူးတိုင်းဒေသကြီး ပြည်မြို့က အသက်မပြည့်သေးတဲ့ အခြေခံပညာကျောင်းသား သုံးဦးကို စက်တင်ဘာ ၃ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်တွေက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆယ်တန်းကျောင်းသားတွေဖြစ်တဲ့ အ.ထ.က (၁) ပြည်က အသက် ၁၆ နှစ်အရွယ် မောင်ချမ်းမြေ့နဲ့ မောင်ထူးဝေယံ၊ အ.ထ.က (၄) ပြည်က ကိုထက်မြက်တို့ အဖမ်းခံလိုက်ရတာပါ။
ကျောင်းသားတဦးက “ညက ကိုချမ်းမြေ့အိမ်ကို ဝင်လာပြီး ချမ်းမြေ့ရှိတာ သိတယ် ထုတ်ပေးလို့ ပြောတယ်။ သူတို့ ပစ်မိန့်ပါတယ်လို့လည်း ပြောပါတယ်။ ပြီးတော့ သူတို့ရှာပေမဲ့ မတွေ့ဘူး၊ အဲဒါနဲ့ ည ၁၁ နာရီကျတော့ ဧည့်စာရင်းတွေ လာစစ်ပြီး တွေ့ပြီ တွေ့ပြီဆိုပြီး ပြေး၊ ဖမ်းသွားတယ် ကြားတယ်။ ကိုထူးဝေယံကိုတော့ သူ ရှောင်နေတဲ့ အိမ်ထဲ ဝင်ဆွဲသွားတာ။ ကိုထက်မြက်ကိုတော့ လမ်းမှာရိုက်သွားတာ သွေးတွေတောင် ထွက်တယ် ကြားတယ်။ သူတို့ကို အဖွဲ့အစည်းနဲ့ ချိတ်တယ်၊ တော်လှန်တယ် ဆိုပြီး စွပ်စွဲပြိး ရိုက်နှက်ခေါ်သွားကြတာ” လို့ ပြောပါတယ်။
အဆိုပါကျောင်းသားသုံးဦးဟာ ပြည်မှာ ဆန္ဒပြရင် လိုက်တာတွေ ရှိပေမဲ့ စစ်ကောင်စီဘက်က စွပ်စွဲတဲ့ကိစ္စတွေ လုပ်ထားတဲ့သူတွေ မဟုတ်ကြောင်းနဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသားလေး တွေ ဖြစ်တာကြောင့် အမြန်ပြန်လွှတ်ပေးဖို့ ပြည်မြို့ ကျောင်းသားတွေက တောင်းဆိုထားပါတယ်။