အာဏာသိမ်းတာ ကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကြေညာပါတယ်။
ကေအန်ယူဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို မြှင့်တင်ဖို့ ခိုင်မာတဲ့ ကတိကဝတ်နဲ့ လိုက်နာဆောင်ရွက်တာကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ စက်တင်ဘာ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်တာပါ။
ကေအန်ယူအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အကာအကွယ်ရယူလိုတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ နှစ်ရှည်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ မူလဇာစ်မြစ်ကို ဖြေရှင်းဖို့နဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းတာကို ဆောင်ကြဉ်းဖို့ နောက်ထပ် ဖြေရှင်းရေးနည်းလမ်းသစ်တွေကိုလည်း ဆက်လက်ရှာဖွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က နည်းလမ်းမှန်နဲ့ ကူညီထောက်ပံ့တာကို ထုတ်ဖော်ပြသပေးဖို့လည်း ကေအန်ယူက တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
ကေအန်ယူဟာ အစိုးရရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပေမဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ကေအန်ယူနယ်မြေထဲ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။