
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပထမဆုံးအကြိမ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပမာဏရှိတဲ့ ဘတ်ဂျက်တခုကို ပြင်ဆင်နေပြီဖြစ်ကာ မကြာမီထုတ်ပြန်သွားဖို့ရှိတဲ့အကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းစာက ရေးသားဖော်ပြပါတယ်။
ဒီဘတ်ဂျက်အတွက် နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေစုဆောင်းထားရှိကာ ငွေစာရင်းကိုလည်း ပြည်ပမှာ စာရင်းဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ရန်ပုံငွေတွေကို လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ၊ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအား ထောက်ပံ့ရေးနဲ့ NUG အစိုးရရဲ့ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေမှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။
လတ်တလော NUG အစိုးရကထုတ်ဝေရောင်းချတဲ့ အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချရမှုကလည်း ပြည်တွင်း၊ပြည်ပကနေ တခဲနက် ဝယ်ယူ အားပေးမှုကြောင့် လစဉ် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၄ သန်းလောက် ဝင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအစောပိုင်းက စမ်းသပ်ရောင်းချခဲ့ရာမှာ ၄ ရက်အတွင်း မြန်မာငွေ ကျပ်သန်း ၅၀၀ (တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃ သိန်း) ရရှိခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန် ငွေကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို အမေရိကန် အစိုးရက ထိန်းချုပ်ထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး NUG အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က “ဒီထိန်းချုပ်ထားတဲ့ငွေကြေးအား NUG အစိုးရက ပြန်လည်ရရှိဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အကယ်ရွေ့ ဒီထိန်းချုပ် ထားတဲ့ငွေတွေ ကျနော်တို့ ပြန်လည်ရရှိရင်တောင် ဒါက မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာက ဒီလောက်နဲ့ မလုံလောက်သေးပါဘူး”လို့ ပြောပါ တယ်။
ဒီ့ပြင် ဘဏ္ဍာရေးဝန်ကြီးက “NUG အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့စပ်လျဉ်းပြီး ကျနော်တို့မှာ ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ် (ဘတ်ဂျက်) အတွက် ကန့်သတ်လျှို့ဝှက်ချက် မရှိပါဘူး။ ဆိုတော့ ကာကွယ်ရေးအတွက် အသုံးစရိတ်က လူထုရဲ့ ထည့်ဝင်ပူးပေါင်းပါဝင်မှုအပေါ် မူတည်ပါတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်ဖို့ နိုင်ငံဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်လာကြပါတယ်။ လက်ရှိမှာဆိုရင် CDM ဝန်ထမ်းအရေအတွက်က ၂ သိန်းခွဲရှိပါတယ်။
ဒီဝန်ထမ်း ၂ သိန်းခွဲအတွက် NUG အစိုးရက လစဉ်ပုံမှန်ထောက်ပံ့ပေး နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ လိုအပ်အပ်တယ်လို့လည်း NUG အစိုးရ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။