Home
ဆောင်းပါး
ဒီမိုကရေစီနှင့် အာဏာရှင် သင်ကြိုက်တာရွေး
DVB
·
September 3, 2021

အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့်အသံကို စကြားခဲ့ဖူးသည်မှာ ၂၀၂၀ ရွေးကောက်ပွဲနားနီး ကာလကဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး လာမည့်အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖြစ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီချုပ်အစိုးရက သမ္မတရုံးပြောခွင့်ရကနေ တစ်ဆင့်  သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

ဒီချုပ်သည် ဒီမိုကရေစီအရောင်အဆင်းရှိသော တိုင်းရင်းသားပါတီများကိုလည်း လာမည့် အစိုးရအာ ဏာတည်ဆောက်ရာတွင် အတူပါဝင်ခွင့်ပြုမည်ဆိုသည့်သဘော။ နိုင်ငံရေးအကဲခတ်တချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် အစိုးရသစ်ဖွဲ့ရန် ၎င်းပါတီတစ်ရပ်တည်း၏ အနိုင်ရလဒ်ဖြင့် မလုံလောက်ပါက တိုင်းရင်းသားပါတီတို့၏ အနိုင်ရလဒ်များ ပူးပေါင်းပါဝင်ခြင်းဖြင့် အစိုးရဖွဲ့နိုင်ရန် ကြိုတင်မျက်စပစ်လိုက်ခြင်းလားဟု မေးခွန်းထုတ်ကြသည်။

အမြင်တူရာ၊ လားရာတူရာ ပါတီချင်းစုဖွဲ့ခြင်းဖြင့် အင်အားကြီးထွားစေခြင်းသည် ဒီမိုကရေစီနိုင်ငံရေး၏ လုပ်နည်းလုပ်ဟန်တစ်ခုမို့ အမှန်တကယ် ကြိုတင်မျက်စပစ်သည်တိုင် အပြစ်ပြောစရာမရှိသော မျက်စပစ်ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပသည်။ ဒီချုပ်၏အနိုင်ရလဒ်က သူ့ပါတီတစ်ရပ်တည်းအနိုင်ဖြင့် အစိုးရဖွဲ့ နိုင်ရုံတင်မက စစ်အုပ်စုချုံးပွဲချငိုရသည်အထိ ပက်စက်လွန်းလေတော့ ပြည်သူတို့၏ နိုင်ငံရေးအသိကြီးမှု အပေါ် ဦးညွှတ်ကြရသည်။

ရွေးကောက်ပွဲရလဒ် တရားဝင်ထွက်လာပြီးမကြာမီ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးအ တွက် ခြေဆင်းစခင်းရန် ဒီချုပ်ပြင်ဆင်ခဲ့လေတော့ အမျိုးသားညီညွတ်ရေးအစိုးရဆိုသည်မှာ အကျိုးလို၍  ညောင်ရေလောင်းခြင်းမဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များကမှတ်ယူလာကြသည်။

ပထမ၊ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများနှင့် ဒီချုပ် တွေ့ဆုံဆွေးနွေးသည်။ ရလဒ် သည်မဆိုး။ ရှေ့ခရီးဆက်အတူဆက်ရန် ကျေနပ်ကြသည့်ပုံ။ ဒုတိယ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မွန်ညီညွတ်ရေးပါတီနှင့်တွေ့ရန် တာဝန်ပေးခံထားရသော ဒီချုပ်ခေါင်းဆောင်တို့ ရောက်လာကြသည်။

တွေ့မည့်နေရာကိစ္စ ညှိမရသဖြင့်ပွဲပျက်သွားသည်။ ဒီချုပ်က မော်လမြိုင်မြို့ရှိ ဒီချုပ်ပြည်နယ်ရုံး၌ တွေ့ရန် စီစဉ်ထားသည်။ မွန်ညီညွတ်ရေးပါတီက လက်မခံ။ ဒီချုပ်ရုံးတွင်သွားတွေ့ခြင်းကို သိက္ခာကျသည်ဟု ယူဆသည့်ပုံ။ ပြီးတော့ မွန်ညီညွတ်ရေးပါတီသည် အာဏာမမက်ဘူးဆိုသည့် အပေါက်မျိုးခပ်တင်းတင်း။ သူတို့ပါတီရုံးလည်းမဟုတ် ၊ဒီချုပ်ရုံးလည်းမဟုတ်သော ကြားနေရာတစ်ခုတွင်တွေ့ရန်  တွင်တွင်ပြောခဲ့ရာမှ ပွဲ ပျက်ခဲ့ခြင်းဖြစ်သည်။အ အော်၊နိုင်ငံရေးသမားတွေများ နေရာကိစ္စတောင် အတင်စီးမခံကြပါလားဟု စိတ်မောကြရသည်။

တတိယ၊ ကယားတွင်လည်း နေရာကိစ္စကြောင့်ပင် ပွဲမဖြစ်။ စတုတ္ထ၊ ရှမ်းပြည်နယ်ကိုရောက်မှ မောခဲ့သမျှ ပြန်လှလာခဲ့သည်။ ဒီမိုကရေစီအားကောင်းသော အင်အားကြီးတိုင်းရင်းသားပါတီ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က တွေ့မည့်နေရာသည် အရေးမကြီး၊ ပြောမည့်စကားသည်သာအဓိကဟုဆိုကာ သွားရောက်တွေ့ဆုံခဲ့သည့်အပြင် ဆွေးနွေးမှု အဆင်ပြေကြောင်း ထပ်လောင်းပြောကြားခဲ့သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် စိတ်ကူးယဉ်သူက ယဉ်လာကြသည်။

နောက်ထပ် တိုင်းရင်းသားပါတီများနှင့်ဆက်တွေ့ရန်ရှိသည် ။ သို့သော်၊ အာဏာရူးစစ်တပ်က ကန့် လန့်ဖြတ်လိုက်သဖြင့် ပွဲပြတ်သွားခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခြင်းနှင့်အတူ ဘီလူးစည်း လူ့စည်းသည်လည်း သိသာထင်ရှားစွာ ကွဲပြားသွားတော့သည်။

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စစ်တပ်ကိုဗြောင်ကျကျထောက်ခံပြီး စစ်တပ်ကို အာဏာသိမ်း ခိုင်းနေသော စစ်အုပ်စုပါတီများရှိသည်။ ယင်းစစ်အုပ်စုပါတီများထဲတွင် ယခုဘဝ၌ အမတ်တစ် နေရာ အနိုင် ရလျှင်သေပျော်ပါပြီဆိုသည့်ပါတီက ခပ်များများဖြစ်သည်။ သူတို့ခေါင်း လူကြီး ပြည်ခိုင်ဖြိုးပါတီဆိုလျှင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလို နိုင်ငံရေး မိုက်ဇာတ်သိမ်းရန် တဖြည်းဖြည်းသိမ်ဝင်နေပြီဖြစ်သော ပါတီ။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲခဲ့ပြီးနောက် ဒီချုပ်ကို ပြတ်ပြတ်သားသားတိုက်နေသောပါတီများလည်းရှိသေးသည်။ ထိုပါတီများထဲမှ သိန်းညွန့်၊ ခင်မောင်ဆွေနှင့် သက်သက်ခိုင်တို့မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးခဲ့သူများဖြစ်သည်။ သို့သော် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင်နှင့် စစ်ကောင်စီခန့်ဝန်ကြီး နေရာပေးတော့ အရှက်အကြောက်ကင်းမဲ့စွာဖြင့် ပျော်ပျော်ကြီး ရာထူးယူကြသည်။ လူတောထဲ မတိုးရဲသည်အထိ ပြည်သူ့ချဉ်ဖတ်လည်းဖြစ်ခဲ့သည်။

ထိုစစ်အုပ်စုပါတီများမှာ နဂိုကတည်းက ပြတ်ပြတ်သားသားပေါင်းပြီးသားမို့ အထူးပြောဖွယ်ရာမရှိ။ ဒီချုပ်ရုံးခန်းတွင် မဆွေးနွေးနိုင်ဟု ပြတ်ပြတ်ကြီး သဘောထားပေးခဲ့သော မွန်ညီညွတ်ရေးပါတီမှာမူ အာဏာသိမ်းပြီးမကြာ ပြည်နယ်အဆင့်ရာထူးလေး ရမယ်လည်းဆိုရော စစ်ဖိနပ်ခြေရင်းအ ပြေးအလွှားသွားခဲ့လေတော့ သမိုင်းဝင်ဟားတိုက်ခြင်းခံရတော့သည်။

အာဏာသိမ်းစစ်တပ်နှင့်ပေါင်း၊ မပေါင်း မွန်ညီညွတ်ရေးပါတီ၏ ဗဟိုအဆင့်အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ကြရာ  ပေါင်းမည့်ဘက်မဲအသာရကြောင်းသိရသဖြင့် ပါတီဗဟိုခေါင်းဆောင်အများစုသည် စစ်တပ်ကိုကြိတ်ကြွေနေကြသူများဟု ကောက်ချက်ချရပေမည်။ အကျိုးဆက်မှာ စစ်တပ်နှင့်မပေါင်းလိုသူ ပါတီခေါင်းဆောင်အချို့နှင့် အောက်ခြေပါတီဝင်များစွာ နုတ်ထွက်သွားခဲ့ကြသည်။ စစ်တပ်က ပြည်နယ်အဆင့် ရာထူးလေးတစ်ခုနှစ်ခုပေးပြီး မွန်ညီညွတ်ရေးပါတီကို ထိုးခွဲလိုက်ခြင်းဖြစ်သည်။ သေချာတာက မွန်ညီညွတ် ရေးပါတီသည် သမိုင်းအမှိုက်ပုံထဲ အဖတ်ဆယ်လို့မရအောင် ပွဲပြီးသွားခဲ့ပြီ။

ရခိုင်အမျိုးသားပါတီဆိုလျှင်လည်း ရာထူးဖြင့်အမျှားခံခဲ့ရသည်။ ရာထူးလေးတစ်နေရာ ၊နှစ်နေရာ လည်းရရော စစ်တပ်ကအာဏာသိမ်းခြင်းကို ကန့်ကွက်ရန်ပျက်ကွက်ရုံတင်မက နောက်ထပ်ရာထူးများထပ်ပေးရန် ပင်တောင်းခံခဲ့သည်။ ရခိုင်အမျိုးသားပါတီ၏ သဘောထားမှာ သူတို့ကိုသာ လုပ်ပိုင်ခွင့်အာဏာပေးခဲ့လျှင် မင်းအောင်လှိုင်လည်း လာထား ၊ မင်းအောင်လှိုင်အဖေဆိုလည်း ပေါင်းလိုက်မည်ဆိုသည့်သဘော။

ယခုစစ်ကောင်စီက သူတို့တောင်းသောနေရာများကို မပေးရုံတင်မက အဖက်လုပ်အကြောင်းပြန် ခြင်းပင်မရှိသဖြင့် အာဏာသိမ်းခြင်းအပေါ် ပြန်ငြင်းဆန်လာသည့်သဘောရှိသည်။( အာဏာသိမ်းခြင်းကို မည်သို့သောအကြောင်းကြောင့် ဆန့်ကျင်သည်ဖြစ်စေ ကျနော်တို့ကြိုဆိုရမည်သာဖြစ်သည်။) သို့သော်၊  ရာထူးပေးလျှင်ပေါင်းမည်ဆိုသည့် သဘောထားကြောင့် ရခိုင်အမျိုးသားပါတီ၏ ဒီမိုကရေစီရေချိန်မည်မျှ အားနည်းကြောင်း အများမြင်တွေ့ခဲ့ရသည်။ ထို့ပြင် ရခိုင်လူမှုအဖွဲ့များ၏ ဆန့်ကျင်မှု၊ အာဏာသိမ်းခြင်းကိုလုံး၀ လက်မခံသော ရခိုင်ပြည်သူတို့၏ ကန့်ကွက်မှုနှင့် ရခိုင်အမျိုးသားပါတီ အတွင်း သဘောထားကွဲမှုများကြုံတွေ့ခဲ့လေတော့ စစ်ကောင်စီ၏ ထိုးခွဲမှုသည် အောင်မြင်ခဲ့သည်။ ယင်းအပေါ် သင်ခန်း စာယူတတ်လျှင် ပြန်အဖတ်ဆယ်နိုင်မည်လားဟုမျှော်လင့်ရသည်။

နောက်ထပ်မဖြစ်မနေ မေးခွန်းထုတ်ရမည့်ပါတီမှာ ပြည်သူ့ပါတီဖြစ်သည်။ပြည်သူ့ပါတီခေါင်းဆောင် မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးဖြစ်ပြီး ဒေသအလိုက် ၈၈ မျိုးဆက် ကျောင်းသားများဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

ထိုပါတီနာမည်အတည်မဖြစ်သေးခင်က ပြည်သူအားလုံးနှင့် ဒီမိုကရေစီအရေးတော်ပုံကြီးတစ်ခုလုံး ကို သမိုင်းဝင်ကိုယ်စားပြုသော ရှစ်လေးလုံးဆိုသည့်အမည်ကိုပင်ရယူကာ ရှစ်လေးလုံးပါတီအဖြစ် အမည် ပေးရန်ကြိုးစားခဲ့သေးသည်။ ပြင်းထန်သောကန့်ကွက်မှုများကြောင့်သာ လက်လျှော့ခဲ့ကာ ပြည်သူ့ပါတီဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။

ဦးကိုကိုကြီးနှင့် ပြည်သူ့ပါတီခေါင်းဆောင်တို့မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ စတင်ကာ ထောင် ထဲဝင်လိုက်ထွက်လိုက်ဖြင့် သူတို့ဘဝတစ်ခုလုံးကို ဒီမိုကရေစီအရေးတော်ပုံထဲ ထည့်ဝင်ခဲ့ကြသူများဖြစ် သည်။ ယခုနွေဦးတော်လှန်ရေးတွင်ရော အစဉ်အလာကောင်းခဲ့သည့် ပြည်သူ့ပါတီ မည်သို့ရပ်တည်ခဲ့သနည်း။

စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က ပါတီများနှင့်တွေ့ဆုံရန် ဖိတ်ခေါ်သည့်အခါ တက် ရောက်မည်ဟုဆိုလေတော့ ပြည်သူ့ပါတီ၏အဓိကပဲ့ကိုင်တစ်ဦးဖြစ်သူ ဦးရဲနိုင်အောင်နှင့် ပါတီဝင်များစွာ နုတ်ထွက် သွားခဲ့သည်။ ဆိုတော့ ပြည်သူ့ပါတီသည်လည်း စစ်ကောင်စီထိုးခွဲခြင်ကို ခံရသည့်သဘော။

ဦးကိုကိုကြီးနှင့် ပြည်သူ့ပါတီ၏ နွေဦးတော်လှန်ရေးအပေါ်သဘောထားကို ညှာညှာတာတာပြောရ မည်ဆိုပါက စစ်အာဏာရှင်တို့၏ ခံတွင်းထဲ ကိုယ့်ပါတီအသက်ရှင်ရေးသည်သာ အဓိကဟုဆိုရပေတော့ မည်။ ဒါကိုနောက်တစ်နည်းပြောရသော် ပြည်သူ့ပါတီသည် နွေဦးတော်လှန်ရေးကို ကျောခိုင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပါတီက မင်းအောင်လှိုင်သည် တတိယအာဏာရှင်ဘွဲ့ခံယူကာ သက်ဆိုးရှည်မည်ဟု တွက်ချက်ပုံရသည်။ စစ်အာဏာရှင်တို့၏ သွေးညှီနံ့ထောင်းထောင်းထနေသော ခံတွင်းထဲ လိမ္မာပါးနပ်စွာ အသက်ရှင်ခြင်းကို တော်လှန်ရေးတစ်ရပ်ဆင်နွှဲခြင်းပင်ဟု ခံယူထားပုံလည်းရသည်။ ထို့ပြင် မင်းအောင်လှိုင်သဘောကောင်းသည့်နေ့တွင် ကျောသပ်ရင်သပ်ဖြင့် ပေးမည့် ရွေးစေ့မျှသောဒီမိုကရေစီကို အရယူပြမည်ဟု ပြည်သူ့ပါတီက သံန္နိဋ္ဌာန်ချထားပုံလည်းရသည်။

ပြည်သူ့ပါတီ၏ ထိုသို့သောသဘောထားသည် နွေဦးတော်လှန်ရေးကို ဆန့်ကျင်နေသလို ပေါင်းရ ဖြည့်ရမည့်အားတစ်ခု လျော့သွားခြင်းကြောင့် ထိခိုက်မှုရှိသော်လည်း သိသာထင်ရှားသော ထိခိုက်မှုမျိုးအထိ  မရောက်။ သို့သော် ၊ဦးကိုကိုကြီး၏ ၎င်းတို့ပါတီရပ်တည်ချက်မှန်ကန်သယောင် လျှောက်သက်သေထူနေခြင်းကတော့ ပြဿနာရှိသည်။

ဦးကိုကိုကြီးက ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို အကောင်အထည်မ ဖော်နိုင်ခြင်းမှာ ရွေးကောက်ပွဲလုပ်ပေးသည့် စစ်အစိုးရနှင့်ပါတီများကြား ရွေးကောက်ပွဲမတိုင်မီက နိုင်ငံရေး ကတိကဝတ်မရှိခဲ့ခြင်းကြောင့်ဟု ဆိုကြောင်း Mizzima သတင်းဌာနက သြဂုတ်နောက်ဆုံးပတ်အတွင်း ဖော်ပြ သည်။

ကတိကဝတ်၊ သဘောတူညီချက်ဆိုသည်မှာ စစ်အစိုးရနှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ နှစ်ဖက်စလုံးက လုပ်ချင်စိတ်ရှိမှ၊ နှစ်ဖက်လက်ဝါးချင်းရိုက်ရ သည့်ကိစ္စဖြစ်သည်။ နိုင်ငံရေးပါတီတို့၏ ရွေးကောက်ပွဲဝင်ခြင်း အဓိပ္ပါယ်မှာယေဘုယျအားဖြင့် ပြည်သူ၏ ရွေးကောက်မှုနှင့်အညီ အာဏာရယူလိုခြင်းဖြစ်သည်။ ဆိုတော့ ရွေးကောက်ပွဲဝင်ပါတီတို့မှာ ရွေးကောက်ပွဲဝင်ပြီဆိုကတည်းက ရွေးကောက်ပွဲရလဒ်အတိုင်း ဖော်ဆောင်မည့်အပေါ် သဘောတူပြီး ဖြစ်သည်။

ကတိကဝတ်ပုံစံမျိုးဖြစ်ဖို့ဆိုသည်မှာ စစ်အစိုးရလုပ်ချင်မှဖြစ်မည့်ကိစ္စဖြစ်သည်။ စစ်အစိုးရကို ဖိအား ပေးတိုင်းမရမှန်း ၈၈ အရေးတော်ပုံကြီးကတည်းက ဖြတ်သန်းခဲ့သော ဦးကိုကိုကြီးသိပြီးသားဖြစ်သည်။ ထို့ပြင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီက ဗိုလ်စောမောင်မကြာခဏ ပြောလေ့ရှိသော ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ခံ အစိုးရကိုအာဏာအပ်ကာ စစ်တန်းလျားပြန်မည်ဆိုသည့်စကားမှာ အများသိနိုင်ငံတကာသိ ပြောသောစကားမို့ ကတိကဝတ်ဟုယူနိုင်သည်။

သို့သော်၊ ၁၉၉၀ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘာ့ကြောင့် အာဏာမအပ်ခဲ့သနည်း။ ကတိကဝတ်မရှိ၍ မအပ်ခြင်းမဟုတ်ဘဲ စစ်အစိုးရအလိုကျ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အနိုင်မရသဖြင့် အာဏာမအပ်ခြင်းဖြစ်ကြောင်း ၁၉၉၀ကို မဖြတ်သန်းဖူးသူ မြန်မာပြည်သူများပင် သိကြသည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင်ရော စစ်တပ်က ဘာ့ကြောင့်အာဏာသိမ်းခဲ့သနည်း။ စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေနှင့် အညီ စစ်တပ်၊ ပြည်ခိုင်ဖြိုးနှင့် စစ်အုပ်စုပါတီများ ပေါင်းကာ ရွေးကောက်ပွဲနည်းလမ်းဖြင့် ဒီတစ်သက်အာဏာရတော့မည်မဟုတ်ကြောင်း အာဏာရှင်တို့ စိတ်ဒုံးဒုံးချ ယုံကြည်သွားခြင်းနှင့် မင်းအောင်လှိုင်နှင့်အပေါင်းအပါတစ်စုတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအရ အာဏာသိမ်း လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိအားနည်းသော မြန်မာပြည်သူများပင် သိကြသည်။

မဲလိမ်မဲခိုးပါသည်ဟု အော်ဟစ်နေသော စစ်ကောင်စီသည် ယခုအာဏာသိမ်းကာလ ၇ လကျော် သည့်တိုင် မဲလိမ်မဲခိုးအထောက်အထား တစ်ခုမျှပင် ရေရေရာမပြနိုင်သေးပေ။ သို့သော်၊ ဦးကိုကိုကြီးကမူ စစ်ကောင်စီဆင်ထားသည့်အတိုင်း ရွေးကောက်ပွဲအပြီး မဲစာရင်းကိစ္စ တင်းမာ မှုဖြစ်လာပြီးနောက် နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းရန် ၎င်းအနေဖြင့် တိုက်တွန်းခဲ့သော်လည်း ဖြစ်မလာဘဲ အာဏာသိမ်းဖြစ်စဉ်ပေါ် ပေါက်ခဲ့ကြောင်းMizzima သို့ ဆက်ပြောခဲ့သည်။

မဲစာရင်းသည် အာဏာသိမ်းရန် အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း လူတိုင်းသိသော်လည်း ဦးကို ကိုကြီးက မသိသလို လုပ်ရုံတင်မက သူက အမြော်အမြင်ကြီးစွာဖြင့် နိုင်ငံရေးအရဖြေရှင်းရန် လမ်းညွှန်ပေးသည့်တိုင် နိုင်ငံရေးအမြော်အမြင်အားနည်းသူတို့၏ နိုင်ငံရေးအသိမကြွယ်မှုကြောင့် အာဏာသိမ်းသည်အထိဖြစ်သွားသလိုမျိုးပင် ကိုယ့်ကိုယ်ကိုယ်သိဒ္ဓိတင်ပြောလိုက်သေးသည်။

ယခုဆောင်းပါးကိုချုပ်ရသော် ရွေးကောက်ပွဲမတိုင်မီက စကြားခဲ့ဖူးသော အမျိုးသား ညီညွတ်ရေးအစိုးရသည် အတတ်နိုင်ဆုံး အားလုံးပါဝင်မှုပုံစံဖြင့် နွေဦးတော်လှန်ရေး၏ ရှေ့တန်းနေရာကနေ၍ အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲများကို ပီပြင်စွာဖော်ဆောင်နေပြီဖြစ်သည်။

၂၀၂၁ အာဏာသိမ်းခြင်းသည် နိုင်ငံရေးပါတီများကိုရော ၊ စာနယ်ဇင်းအစုအဖွဲ့နှင့် တစ်ဦးချင်းစီကိုရော ပြည်သူတစ်ဦးချင်းစီကိုပါလူ့စည်းဘီလူးစည်းကွဲပြားစေခဲ့ပြီဖြစ်သည်။ သင်သည် တစ်နည်းနည်းဖြင့် အာဏာရှင်များကို ဆန့်ကိုဆန့်ကျင်ရပေမည်။ သင်ကြောက်တတ်လျှင်တောင် အနိမ့်ဆုံးအဆင့် အာဏာရှင်များကို ဆန့်ကျင်ရမည်ဆိုသော အသိလောက် ရှိကိုရှိရပေမည်။ စစ်ကောင်စီကိုကြိုက်သဖြင့် ပေါင်းခွင့်မရှိသလို ကြောက်၍လည်း ပေါင်းခွင့်မရှိ။ မိမိ၏ အကြောက်တရားကို ဖုံးကွယ်ရန်အလို့ဌာ အကိုးအကား ဆင်ခြေများဖြင့် နွေဦးတော်လှန်ရေးကို ငြင်းပယ်ခွင့်မရှိ။

သမိုင်းက သင်ဘာလဲ၊ သူဘာလဲ၊ ဘယ်သူဘာလဲ  မှတ်တမ်းတင်နေပါသည်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024