DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၁၀၄၃ ဦးရှိလာ
DVB
·
September 3, 2021
စစ်တပ်ပစ်သတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၁၀၄၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၃ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၇၆၈ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၁၃၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၆၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာအုပ်စု၊ အောင်သစ္စာအောင်မေတ္တာ ရပ်ကွက်မှာ မနေ့က စက်တင်ဘာ ၁ ရက်ည ၁၀ နာရီကျော်လောက်က အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့အတွက် ကိုယ်ဝန် ၅ လွယ်ထားခဲ့သူ မအိသွယ်မိုးဟာ နေ ရာတင် ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင်(ခ)ပူးဒေးမှာ နားကို ကျည်ထိမှန်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ မအိသွယ်မိုးဟာ ငါးရှာထွက်တဲ့ ခင်ပွန်းကို သွားကြိုပြီး အိမ်ကို အတူပြန်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရှိရပါတယ်။

ဩဂုတ် ၃၁ ရက်နေ့၊ မနက် ၃ နာရီလောက်မှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်က ကိုသန်းစိုးအောင်ဟာ ဆိုင်ကယ်စီးပြီး ငါးပိုက်သွားဖြုတ်ချိန် မြဝတီဘဏ်စောင့်တဲ့ စစ်သားတွေ ပစ်ခတ်ခဲ့တဲ့အတွက် ဆီးခုံကိုကျည်ထိမှန်ခဲ့ပြီး ဆေးရုံ ရောက်ချိန်မှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်ခံခဲ့ရတာကြောင့် ကျဆုံးသွားခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဝင်းမာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၁ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ညီညီအောင်ထက်နိုင်ရဲ့ အမြွှာအစ်ကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို မဖမ်းမိတာကြောင့် မိခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က နေအိမ်တလုံးမှာ ဩဂုတ် ၃၁ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိ ပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013