မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာမှာနေထိုင်တဲ့ ဦးမိုးလှိုင်ဌေး၊ ဦးလှမိုးနဲ့ သားမက်၊ စိုင်ကောင်းကျေးရွာအနီး ကျောက်တန်းကျေးရွာဘုန်းကြီးကျောင်းက သံဃာတော် ၁ ပါးတို့ဟာ စက်တင်ဘာ ၁ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံကျေးရွာသားတဦးက "အကြောင်းမရှိ အကြောင်းရှာ ဖမ်းတာပါ။ ဆင်းရဲတဲ့ ပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီနေတယ်ဆိုပြီး ဖမ်းနေတာ။ ဘယ်မှာဖမ်းထားသလဲဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အခုလို သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၃ ဦးဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ နတ်မောက်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ဖမ်းဆီးခံရတဲ့ သံဃာတော်နဲ့ ပြည်သူတွေဟာ ပရဟိတသီးသန့်လုပ်သူတွေဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာမှာ သြဂုတ် ၃၀ နေ့က ဖမ်းဆီးခံရတဲ့ ပရဟိတသမား ၂ ဦးကိုတောေ စက်တင်ဘာလ ၂ ရက်နေ့မနက်စောက ပခုက္ကူအကျဉ်းထောင် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။