ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားကွမ်းလုံကျေးရွာမှာ နေထိုင်နေကြတဲ့ ကျောင်းဆရာတွေ အပါအဝင် ပြည်သူ ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) လို့ ယူဆကာ ဩဂုတ် ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ ပါတယ်။
"လားရှိုးမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နားကွမ်းလုံရွာက နေအိမ်တစ်လုံးမှာ နေထိုင်နေတဲ့ ပြည်သူ ၇ ဦးကို စစ်တပ်က အင်အားအပြည့်နဲ့လာပြီး ဖမ်းသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ ကျောင်းဆရာအမျိုးသား ၃ ဦး၊ လူငယ်အမျိုးသား ၂ ဦး ၊ လူငယ်အမျိုးသမီး ၁ ဦးနဲ့ ရွာသား ၁ ဦးတို့ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
"စစ်တပ်က ဖမ်းသွားတာက ယောက်ျား ခြောက်ယောက်နဲ့ ကလေးမ တစ်ယောက်ကို မြင်လိုက်တာပဲ။ ကျန်တာ ထပ်ဖမ်းလား မဖမ်းလား မသိတော့ဘူး။ ဘေးပတ်လည်ရွာတွေကိုတော့ လိုက်မွှေနေတာပဲ" လို့ ဆိုပါတယ်။
အဲ့ဒီလိုဖမ်းဆီးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်းအားဖြန့်ခွဲပြီး ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ နမ္မတူ- လားရှိုးလမ်းမပေါ်က ရွာတချို့မှာ စခန်းချပြီး စစ် ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့နယ်မှာ ပညာရေး၊ ကျန်းမာရေးစတဲ့ ဌာနအသီးသီးက CDM ဝန်ထမ်းတွေ ရာနဲ့ချီရှိနေပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ဝရမ်းထုတ်ခံထားရသူတွေလည်း ရှိပါတယ်။