၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလေဆိပ်တွေစာရင်းမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်က အဆင့် ၆၆ ထိ ကျဆင်းသွားခဲ့တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အဆင့် ၁၃ ကနေ ၆၆ ထိ ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလေဆိပ်တွေစာရင်းကိုတော့ ဗြိတိန်အခြေစိုက် Skytrax ဝက်ဘ်ဆိုက်ကနေ လေကြောင်းခရီးသွားလာနေသူတွေဆီက မဲပေးရွေးချယ်မှု တွေကောက်ခံပြီး ၁၉၉၉ ခုနှစ်ကတည်းက နှစ်စဉ်ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Skytrax ရဲ့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အကောင်းဆုံးလေဆိပ် ၁၀ ခုထဲမှာတော့ ဒိုဟာ-ဟာမက်ဒ်နိုင်ငံတကာလေဆိပ်က စင်ကာပူထိပ်တန်း ချန်ဂီလေဆိပ်ကို ဖြတ်ကျော်ကာ ထိပ်ဆုံးက ရှိနေပြီး ဒုတိယနေရာမှာတော့ တိုကျို-ဟာနီဒါလေဆိပ်က ရပ်တည်နေပါတယ်။
နှစ်စဉ်ထုတ်ပြန်ချက်ထဲမှာ အဆင့် ၁ နေရာက ဆက်တိုက်ရပ်တည်နေခဲ့တဲ့ ချန်ဂီ လေဆိပ်ကတော့ အခုနှစ်မှာ တတိယနေရာကို ကျဆင်းသွားခဲ့တာပါ။
စတုတ္ထနေရာမှာတော့ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်က ရပ်တည်နေပြီး သူ့နောက်မှာတော့ ဂျပန်နိုင်ငံ၊ နာရီတာလေဆိပ်က ရှိနေပါတယ်။
အဲဒီနောက်မှာတော့ မြူးနစ်၊ ဇူးရစ်ချ်၊ လန်ဒန်-ဟိသ်ရိုး၊ ကန်ဆိုင်းနဲ့ ဟောင် ကောင်နိုင်ငံတကာလေဆိပ်တွေက ထိပ်တန်းလေဆိပ် ၁၀ ခုအနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကတော့ ပြီးခဲ့တဲ့နှစ်တုန်းက အဆင့် ၄၈၊ ၂၀၁၉ ခုနှစ်မှာ အဆင့် ၄၆၊ ၂၀၁၈ ခုနှစ်မှာ အဆင့် ၃၆ နဲ့ ၂၀၁၁ ခုနှစ်တုန်းကတော့ အဆင့် ၁၃ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။