Home
ဆောင်းပါး
စစ်ကောင်စီ ဖန်တီးလိုက်တဲ့ စီးပွားရေးပျက်ကပ် နဲ့ COVID-19 တတိယလှိုင်း ပြဿနာ
DVB
·
August 31, 2021

စစ်တပ်က အာဏာသိမ်းပြီဆိုတာနဲ့တပြိုင်နက် အရင်ဆုံး ကျဆုံးတာက ‘ငြိမ်းချမ်းရေး’ ပါပဲ။ နိုင်ငံအနှံ့မှာ ဗုံးသံ၊ သေနတ်သံတွေ အဆက်မပြတ် ကြားလာရတာက သက်သေပါပဲ။ ဒုတိယ ကျဆုံးတာက ‘တရားဥပဒေစိုးမိုးရေး’ ဖြစ်တယ်။ ပြည်သူက တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကို မတရားအမှုဆင် တရားစွဲနေပုံကို ကြည့်ရင် တရားရေးမဏ္ဍိုင် ချိုးဖျက်ခံရတာ ထင်ရှားပါတယ်။ တတိယ ကျဆုံးတာက ‘ကုန်သွယ်စီးပွားယန္တရား’ ဖြစ်တယ်။ ‘ငြိမ်းချမ်းရေး’ ကျဆုံးပြီဆိုတာနဲ့ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်လို့ဆိုတဲ့ စစ်အာဏာရှင်အုပ်စုတွေက မာရှယ်လော (Martial Law) နဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ဗိုလ်ကျတော့တာပါပဲ။ ဒါကြောင့် တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်တွေလည်း မာရှယ်လော သို့မဟုတ် (Military Rule) လက်အောက်  ကျရောက်တော့တာပဲ။ တနည်းအားဖြင့် ပြည်သူတဦးချင်းအနေနဲ့ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို မရရှိနိုင်တော့။ တချိန်တည်းမှာ ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ တရားမျှတရေး ဆိုတဲ့ စကားလုံးတွေဟာလည်း အနှစ်မရှိတော့ပဲ အခွံသက်သက်ဖြစ်သွားတော့ တာပါပဲ။ 

ဒါကြောင့် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက် ပြဿနာတွေကတော့ အကြမ်းဖက် အနိုင်ကျင့်မှု လွှမ်းမိုးခံရပြီး၊ ဘဏ်တွေ စက်ရုံ အလုပ်ရုံတွေ အပါအဝင် စီးပွားရေးယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားတော့တာပဲ။ တဆက်တည်းမှာ ကုန်ဈေးနှုန်း မြင့်တက်လာပြီး၊ အလုပ်လက်မဲ့ ပြဿနာ ထိန်းမနိုင်သိမ်းမရ ကျယ်ပြန့်လာတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေ ဖြစ်နေတာကြောင့် စက်ရုံ အလုပ်ရုံ လုပ်ငန်းကြီးတွေ တခုပြီးတခု ပိတ်နေကြတယ်။ မကြာသေးခင်ကပဲ အလုပ်သမား ထောင်ချီရှိတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်က ဟန်မောက်အထည်ချုပ် ပိတ်တယ်လို့ ကြေညာခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရတယ်။ အလုပ်သမားရာချီရှိတဲ့ စက်ရုံ ၂ ခုလည်း ထပ်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုတယ်။ စက်ရုံတွေ ပိတ်နေလိုက်ရတဲ့အတွက် စက်ရုံအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြရတဲ့ ပြဿနာရှိလာနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ထောက်ပြကြတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွားတဲ့ အထည်ချုပ်စက်ရုံပေါင်း မြန်မာနိုင်ငံတဝန်း ၂၀၀ ကျော်သွားပြီလို့ အလုပ်သမားသမဂ္ဂတချို့က ဆိုတယ်။ ဝန်ထမ်း လစာမပေးနိုင်တာ၊ ကုန်ကြမ်းသွင်းဖို့ ခက်ခဲလာတာ၊ ကုန်ချောပို့လို့ မရတော့တာ ဒီလိုအကျပ်အတည်းတွေကြောင့် စက်ရုံပိတ်သိမ်းတာတွေ ဆက်ဖြစ်လာလိမ့်မယ်လို့ ဆိုတယ်။ ဒါဟာ စီးပွားရေးပျက်ကပ်တခုဆီ လုံးဝ ဦးတည်နေပြီ ဖြစ်တယ်။

လက်ရှိ မြန်မာ့သမိုင်း မြေပြင်ပေါ်က ဖြစ်ရပ်တွေအရ မတရားတဲ့ စစ်အာဏာသိမ်းမှုကို တရားမျှတတဲ့ နွေဦးတော်လှန်ရေး ဆင်နွှဲပြီး ခုခံတော်လှန်လာကြတယ်။ တော်လှန်ရေးကို စိတ်ဓာတ်စွမ်းအင်အပြည့်နဲ့ ဦးစီးသယ်ဆောင်လာကြသူတွေကတော့ ဂျန်ဇီးလို့ခေါ်တဲ့ (Gen-XYZ) တွေပါပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်လာခဲ့တဲ့ ဂျန်ဇီးလူငယ်တို့ရဲ့ နိုင်ငံရေး သန္နိဋ္ဌာန်ဟာ ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ ထပ်တူကျနေပုံက အံ့သြစရာလို ဆိုနိုင်တယ်။

“ကျနော်တို့မှာ အိပ်မက်တွေ ရှိတယ်။ ကျနော်တို့မှာ အနာဂတ်ရှိတယ်။ စစ်ဖိနပ်အောက်မှာ ဒူးမထောက်နိုင်ဘူး” ဆိုတဲ့ ဂျန်ဇီးတို့ရဲ့ ကြွေးကြော်သံတသံတည်း ထွက်လာတာ အားတက်စရာကောင်းလှတယ်။

အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ စာရင်းပြုစုထားချက်အရ ဖေဖော်ဝါရီလဆန်းကနေ ဇွန်လအထိ အလုပ်သမား ဆယ်သိန်းထက်မက အလုပ်လက်မဲ့ဖြစ်သွားပြီလို့ ဆိုတယ်။ အထူးသဖြင့် အမျိုးသမီးလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြရတာ များတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ မိသားစု နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်တာ တွေ့ရတယ်။ ရန်ကုန်စက်မှုဇုန်တွေက အထည်ချုပ်လုပ်ငန်း တခုတည်းမှာ လုပ်ကိုင်နေတဲ့ လုပ်သားက ၇၀၀,၀၀၀ လောက်ရှိတယ်လို့ ဆိုတယ်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ဒေသတွေမှာလည်း စက်မှုဇုန်အထည်ချုပ်လုပ်ငန်းတွေ မလည်ပိတ်နိုင်တော့လို့ ဝန်ထမ်းလစာ အပြည့်အဝမပေးနိုင်ကြတော့တဲ့ သတင်းတွေလည်း ကြားရတယ်။ ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာ တဲ့ နောက်ဆက်ဆိုးကျိုးတွေထဲက တခုပါပဲ။

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေ၊ လုယက်မှုတွေ၊ လူသတ်မှုတွေ၊ ရပ်ရွာအိုးအိမ်တွေ အများအပြား မီးရှို့ခံရတာတွေနဲ့ စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းခဲ့ရခြင်းရဲ့ လက်သည်တရားခံဟာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဝင်လူတစု ဖြစ်တယ်။ တပ်စည်းမျဉ်းဥပဒေအရ အငြိမ်းစားယူရမယ့် မင်းအောင်လှိုင်ဟာ သူ အာဏာအလွဲသုံးပြီ မတော်မတရား ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ တပ်ချုပ်အာဏာကို မစွန့်လွှတ်လိုတာကြောင့် အကြောင်းမရှိ အကြောင်းရှာ စစ်အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့် လက်ငင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံ ဖရိုဖရဲဖြစ်ရခြင်းရဲ့ တကယ့်တရားခံဟာ မင်းအောင်လှိုင်သာ ဖြစ်တယ်။ သူ့လုပ်ရပ်ကြောင့် အညွန့်တက် အောင်မြင်ခါစ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြိုကျပျက်စီးခဲ့ရတယ်။ 

နိုင်ငံရဲ့ အနာဂတ် လူငယ်လူရွယ်တွေရဲ့ အိပ်မက်တွေနဲ့အတူ နိုင်ငံရဲ့ ပညာရေး အဆောက်အအုံလည်း ပြိုလဲပျက်စီးခဲ့ရတယ်။ အဆိုးဆုံးကတော့ တရာဥပဒေစိုးမိုးရေး လုံးဝပျက်သုဉ်းခဲ့ရခြင်း ဖြစ်တယ်။ တရားဥပဒေရဲ့ အကာအကွယ် မရရှိတော့တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတွေဟာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လုယက်သတ်ဖြတ်မှုကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လုယက်ခွင့်နဲ့ အကြမ်းဖက်နှိပ်စက်ခွင့်နဲ့ လူသတ်ခွင့်လိုင်စင်တွေပါ ရထားကြတယ်။ သာမန်ပြည်သူတွေအဖို့ စစ်တပ် ကျူးလွန်တဲ့ မတရားမှုတွေအတွက် တင်ပြတိုင်တန်းစရာ နေရာမရှိဘဲ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု ဆုံးရှုံးနေကြရတယ်။ 

အဲဒီလို အခြေအနေတွေ ပေါ်ပေါက်နေတာကြောင့် စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း တစ်သိန်းငါးသောင်းကျော်ကို အထောက်အထားနဲ့ မှတ်တမ်းပြုစုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ‘ဒေါက်တာဆာဆာ’ က ပြောကြောင်း ကြားသိရတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု၊ ပစ်ခတ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုဖြစ်စဉ်ပေါင်း ၁၅၁၀၀၀ ကျော်ကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ အချက်အလက် တိတိကျကျနဲ့ မှတ်တမ်းတင်ထားတယ်လို့ ‘အမျိုးသားညီညွတ်ရေးအစိုးရ’ (NUG) ပြောရေးဆိုခွင့်ရှိသူ ‘ဒေါက်တာဆာဆာ’ က ဇွန်လ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ကြောင်း သိရတယ်။ မှတ်တမ်းတွေမှာ လိုအပ်တဲ့ ဗွီဒီယိုသက်သေ၊ ဓာတ်ပုံနဲ့ အချက်အလက်တွေကို စစ်ကောင်စီက ငြင်းလို့မရအောင် စီစဉ်ထားတယ်လို့လည်း သိရတယ်။  

“ပြည်သူတွေ မတရားသတ်ဖြတ်ခံရတာကို အတိအကျ စာရင်းပြုစုထားတယ်။ ကလေးတွေ အသတ်ခံရတာ ၅၂ ယောက်အထိ ရှိတယ်။ ကိစ္စတစ်ခုချင်းစီတိုင်းကို ဓာတ်ပုံနဲ့တကွ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ညီအောင် မှတ်တမ်းတင်ထားပါတယ်။ ဒီလို လုပ်ထားတယ်ဆိုတာ စစ်ကောင်စီကို သတိပေးချင်တယ်။ စစ်သားတွေကိုလည်း သတိပေးချင်တယ်။ လူသတ်သမားတွေကိုလည်း သတိပေးချင်တယ်။ ကမ္ဘာကိုလည်း ကြေညာမယ်။ ငြင်းလို့မရအောင် စီစဉ်ထားတယ်ဆိုတာကို ပြောချင်ပါတယ်။ အချက်အလက်ပေါင်း ၁၅၁၀၀၀ ကျော်ကို မှတ်တမ်းပြုစုထားတယ်။ အချက်အလက်မှာ ငြင်းလို့မရအောင် အသေးစိတ် အတိအကျ လုပ်ထားပါတယ်။ တရုတ်နဲ့ ရုရှားက ဝယ်နေတဲ့ လက်နက်တွေ၊ အမြောက်တွေ လက်နက်တွေနဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်နေပါတယ်ဆိုတာကို ကျနော် သက်သေပြနေတာ ဖြစ်ပါတယ်။ ၉၁၅ ယောက် အသတ်ခံတာကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အရေးယူရမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က အချုပ်ထဲမှာ နေရမှာ ဖြစ်တယ်။ အရေးယူနိုင်အောင် နိုင်ငံတကာဥပဒေအဖွဲ့အစည်းကိုလည်း ပိုက်ဆံပေးပြီး ငှားထားပါတယ်။ ရက်စက်မှုကို ကုလသမဂ္ဂကလည်း လက်မခံဘူး။ နိုင်ငံတကာကလည်း လက်မခံဘူး။ အာဆီယံကလည်း လက်ခံလို့ မရဘူး။ ရက်စက်မှုကို ကမ္ဘာက သိအောင် မှတ်တမ်းတင်ထားတာဖြစ်ပါတယ်” လို့ ဒေါက်တာဆာဆာက ပြောတယ်။

နောက်ထပ် စိတ်ထိခိုက်စရာ ကိစ္စကတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ပြဿနာပါပဲ။ တကယ်တော့ ကပ်ရောဂါဖြစ်နေခိုက်မှာ စစ်ကောင်စီက အာဏာသိမ်းခဲ့တာကိုက ပြည်သူလူထုအပေါ် စာနာထောက်ထားမှု ကင်းမဲ့လွန်းတာကို ပြသလိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ဇွန် ၂၆ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာသစ် ရ၈၃ ဦး၊ သေဆုံးသူ ရှစ်ဦး၊ အတည်ပြု လူနာစုစုပေါင်း ၁၅၂,၃၅၆ ဦး၊ သေဆုံးသူစုစုပေါင်း ၃,၂၉၀ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း RFA သတင်းက ဆိုတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာဦးရေ ဇွန်လ ၂၂ ရက်ကနေ ၂၈ ရက်အထိ ရ ရက်အတွင်း ၃၄၅ ဦး အထိ ရှိတယ်လို့ ဆိုတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ စာရင်းဖြစ်ပြီး၊ တကယ်တမ်း မစစ်ဆေးနိုင်ဘဲ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ဟာ ဒီထက်မက များနိုင်တယ်လို့ ကိုဗစ်လူနာတွေကို ကူညီဆောင်ရွက်ပေးသူတွေက ပြောကြောင်း ဗွီအိုအေ သတင်းအရ သိရတယ်။ ကူးစက်သူ အတည်ပြုလူနာနဲ့ ရောဂါသံသယရှိသူတွေအပြင် သေဆုံးသူတွေ နေ့စဉ်ရှိနေတဲ့ ကလေးမြို့ရဲ့ ကိုဗစ်အခြေအနေဟာ စိုးရိမ်စရာကောင်းတယ်လို့ ကိုဗစ်တိုက်ဖျက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာရှင် လုပ်အားပေးတဦးက ဗွီအိုအေကို ပြောတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၃၁၂ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၅၅,၆၉၇ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်။ ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေမှာ စမ်းသပ်စစ်ဆေးခဲ့တာဖြစ်လို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင် ဖြစ်နေတယ်။ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၈,၂၃၂ ခုကို စစ်ဆေးခဲ့ပြီး ရောဂါကူးစက်မှုအသစ် ၁,၃၁၂ ယောက် တွေ့ရှိခဲ့တယ်။ ပိုးတွေ့နှုန်း ၁၅ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်တွေကထက် ပိုမိုများပြားလာတယ်။ ဒါ့အပြင် လူနာ ၁၁ ယောက် ထပ်မံသေဆုံးခဲ့လို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်း သေဆုံးသူ  ၃,၃၂၀ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ DVB သတင်းအရ သိရတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မေလ ၂၇ ရက် ပိုးတွေ့သူ ၉၆ ယောက်ဖြစ်ပြီး၊ ဇွန်လ ၂၈ ရက်မှာ ပိုးတွေ့သူ ၁,၂၂၅ ဦး ကူးစက်ခဲ့တဲ့အထိ တရက်အတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံး မြင့်တက်လာခဲ့တယ်။ ကိုဗစ် တတိယလှိုင်းနဲ့အတူ ကိုဗစ်ကြောင့် ဇွန်လ ၂၈ ရက် တနေ့တာအတွင်း သေဆုံးမှု အမြင့်ဆုံး ၁၂ ဦးအထိ မြင့်တက်လာ တာတွေ့ရတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အပေါ် စိုးရိမ်တဲ့အတွက် ပြည်သူများ ပိုမိုဂရု စိုက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေတွေကတဆင့် သတိပေးစကား ပြောခဲ့ကြောင်း ဧရာဝတီသတင်းက ဖော်ပြတယ်။ 

ကိုဗစ်တတိယလှိုင်းမှာ နေရာတခုတည်း အစုအပြုံလိုက် ကူးစက်ခံရတာ တွေ့ရပြီး၊  DVB  သတင်းအရ  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ၁၀၉ ယောက် ကူးစက်ခံရတယ်လို့ဆိုတယ်။ ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ ကူးစက်မှု များတယ်လို့ သိရတယ်။ အခြေခံပညာကျောင်းတချို့ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားကြရပြီ ဖြစ်တယ်။ လက်ရှိ အခြေအနေအရ ကိုဗစ် တတိယလှိုင်းဟာ ပညာရေးဆိုင်ရာ ကျောင်းများဆီ ဦးတည်နေပြီလို့ ဆိုတယ်။ စစ်ကောင်စီရဲ့ အာဏာ လောဘကြောင့်  ကိုဗစ် တတိယလှိုင်း ဖြစ်နေစဉ် ကျောင်းတွေ အတင်းဖွင့်ခိုင်းခဲ့တဲ့ အမှားဟာ ကျောင်းသူကျောင်းသား ကလေးသူငယ်တွေကို အန္တရာယ်အတွင်း တွန်းချရာရောက်နေတယ်။ 

မြန်မာ့နွေဦးတော်လှန်ရေးကာလမှာ ကူသူကယ်သူမဲ့နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေတာ အထူးသတိပြုကြဖို့လိုတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လတ်တလော အစီအမံတွေကို လေ့လာကြည့်ရင် ကိုဗစ် တတိယလှိုင်းကို နိုင်နိုင်နင်းနင်း ကာကွယ်ပေးနိုင်မယ့် အရိပ်အရောင်မတွေ့ရ။ ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေးကို စိတ်မဝင်စားအောင်၊ အကူအညီမပေးနိုင်အောင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို အသုံးချနေတဲ့ သဘောတွေ့လာရ တယ်။  ကိုဗစ်ကြောင့် ကျူဝင်ရတဲ့အခါ ယခင်အစိုးရခေတ်က လူနာအနေနဲ့ငွေကြေး ဆေးဝါးကိစ္စ ဘာမှ မပူပင်ရပေမယ့်၊ အခု စစ်ကောင်စီအောက်မှာ ရောဂါရလာရင် ကိုယ့်စရိတ်နဲ့ကို တာဝန်ယူရမယ်လို့ သိရတယ်။ ဒါကိုကြည့်ရင် ပြည်သူတွေ အပေါ်ထားတဲ့ စစ်တပ်ရဲ့ စေတနာကို မြင်နိုင်တယ်။  

အာဏာသိမ်းလိုက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းမဖက် စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှား မှုတွေမှာ ပါဝင်နေကြတာကြောင့် ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ အခက်အခဲကြုံတွေ့ခဲ့ကြရတယ်။ အစိုးရဆေးရုံတွေမှာ ဆရာဝန် မလုံလောက်၊ ကိုဗစ်ရောဂါ စစ်ပေးမယ့်သူလည်း မရှိတာကြောင့် ကိုဗစ် ကူးစက်ခံရသူ လူနာ တွေ့ရှိမှုနှုန်း နည်းနေတာဖြစ်ပြီး အရင်ကလို ပိုစစ်နိုင်ရင် ပိုးတွေ့တဲ့လူနာ ပိုများနိုင်တယ်လို့ ဆရာဝန်တွေက ဆိုတယ်။ ပရဟိတအဖွဲ့ တွေကို စစ်တပ်က ရန်သူသဖွယ် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက်လည်း ကိုဗစ်ကိစ္စမှာ ပရဟိတအဖွဲ့တွေထံက အကူအညီမရဘဲ ဖြစ်နေတယ်။ နစ်နာတာကတော့ ပြည်သူတွေပဲ ဖြစ်တယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ပြဿနာဟာ မကြာခင် နိုင်ငံနဲ့ပြည်သူတို့အတွက် ကပ်ဘေးတခု ဆက်လက်ရင်ဆိုင်ကြရမယ့် အခြေအနေ ဖြစ်နေတယ်။

ဒီအခင်းအကျင်းကို ကြည့်ရင် စစ်အာဏာရှင် လူမိုက်တစုဟာ သူတို့အာဏာရလိုမှုကြောင့် ကိုဗစ် တတိယလှိုင်းနဲ့ ပြည်သူလူထုကို ဒုက္ခပင်လယ်ဝေအောင် တမင်ဖန်တီးလိုက်တာပဲလို့ ဆိုရပေလိမ့်မယ်။    ။

ကောင်းဇေလူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024