Home
မြန်မာသတင်း
ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ ၂၀၀ ကျော်၏ မိသားစုဝင်များကို ထောက်ပံ့
DVB
·
August 31, 2021
241025469_171556605087465_8948795460785985889_n
241061549_171556548420804_4200356837162535663_n
241028926_171556445087481_4788355454931047531_n
241028915_171556495087476_5013565414680628487_n

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံနေရတဲ့ လူ ၂၀၀ ကျော်ရဲ့ မိသားစုဝင်တွေကို ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအထောက်အပံ့ဖြစ်စေဖို့ ဝေဟင်အောင်ဖောင်ဒေးရှင်း ငွေကျပ်သိန်းတစ်ရာကျော် ထောက်ပံ့ပေးနေတယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။

ရခိုင်မှာ အေအေနဲ့ ဆက်စပ်တယ်ဟုဆိုကာ စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီးနောက် အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးနေတာပါ။ 

စာရေးဆရာကိုဝေဟင်အောင် “လက်ရှိကတော့ ရခိုင်ပြည်နယ်အနှံ့ပေါ့နော် အကြမ်းဖက်ဥပဒေနဲ့ အစွဲဆိုခံထားရတဲ့လူကတော့ အကုန်လုံးစုစုပေါင်း ၂၀၁ ဦးထိ ကျနော်တို့စာရင်းကောက်ယူရရှိထားတာပေါ့၊ ဒီလူတွေရဲ့မိသားစုတွေကို ကျနော်တို့က တစ်မိသားစုကို ပိုက်ဆံ ၅ သောင်းနှုန်းနဲ့ ကူညီထောက်ပံတာဖြစ်တယ်၊ ဒီကာလက ကိုဗစ်ကာလဆိုတော့ သူတို့ရဲ့မိသားစုတွေအနေနဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေမှာ အခက်အခဲရှိမယ်ဆိုတာကို ကျနော်တို့သုံးသပ်ပြီးတော့ ကူညီထောက်ပံ့ရတာဖြစ်ပါတယ်။ ကျနော်က ပရဟိတလုပ်နေတဲ့အချိန်မှာ ဒီကာလမှာ ပြည်တွင်းပြည်ပက အလှူရှင်တွေဆီက လှူဒါန်းထားတဲ့ အလှူငွေတွေထဲက တချို့တဝက်ကိုဆွဲထုတ်ပြီးတော့ သူတို့ကို ပြန်လည်ကူညီထောက်ပံ့ပေးတာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံရပြီး အကျဥ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေဟာ သံတွဲထောင် ၉ ဦး၊ ကျောက်ဖြူထောင် ၇၆ ဦး၊ မြောက်ဦးထောင် ၄၇ ဦး၊ စစ်တွေထောင် ၆၄ ဦးနဲ့ ဘူးသီးတောင်ထောင်မှာ ၅ ဦး စုစုပေါင်း ၂၀၁ ဦးရဲ့ မိသားစုဝင်တွေကို ငါးသောင်းကျပ်စီ ထောက်ပံ့ပေးနေကာ တချို့တဝက်ကိုတော့ ပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်မှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံနေရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့နိုင်ဖို့ စာရင်းကောက်ယူရာမှာ လက်ရှိအချိန်ထိ မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ ၂၁ ဦးထိရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါပျောက်ဆုံးနေသူ ၂၁ ဦးရဲ့ မိသားစုဝင်တွေကိုလည်း ငါးသောင်းကျပ်စီ ထောက်ပံ့ပေးသွားမှာဖြစ်ကာ စုစုပေါင်း သိန်း ၁၁၀ ကျော် လှူဒါန်းသွားမယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024