
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ အဆင့်မြင့်အိမ်ရာတွေမှာ နေထိုင်သူတွေကို ဧည့်စာရင်း မတိုင်ပါက အရေးယူမယ်လို့ စစ်ကောင်စီက ညွှန်ကြား လိုက်ပါတယ်။
ပဒေသာပင်မြို့တော် (FMI City) အပါအဝင် တခြားအဆင့်မြင့် အိမ်ရာတွေမှာ နေထိုင်သူ တွေကို အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) ကိုင်ဆောင်ထားသူမှအပ အိမ်ငှားတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာထားရှိတဲ့ အလုပ်သမားတွေနဲ့ အစောင့်တွေ ဧည့်စာရင်း မတိုင်ကြားပါက ဥပဒေ အရ အရေးယူမယ်လို့ စစ်ကောင်စီက သြဂုတ် ၃၀ ရက်နေ့က အိမ်ယာကော်မတီကို ညွှန်ကြား ထားတာပါ။
ညွှန်ကြားချက်မှာ အဆင်မြင့်အိမ်ရာတွေဖြစ်တဲ့ ပန်းလှိုင်အိမ်ယာ၊ FMI City၊ နဝဒေး အိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ၊ အောင်ဇေယျအိမ်ရာအပါအဝင် တစ်ခြား အဆင့်မြင့် အိမ်ရာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဩဂုတ်လ ၂၈ ရက်နေ့ကထုတ်ပြန်တဲ့ အထူးကြပ်မတ်စစ်ဆေးမယ့် မြို့နယ် ၄၉ မြို့နယ်မှ ရန်ကုန်တိုင်း ၃ မြို့နယ်မှာ လှိုင်သာယာမြို့နယ်ပါဝင်လာခဲ့ပြီးတဲ့နောက် ဧည့်စာရင်း စစ်ဆေးတာကစပြီး ဖိအားပေးလာတာလို့ မြို့ခံတွေက ပြောပါတယ်။