မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် ၈၉ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားက မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးရဲ့ နေအိမ်ဖြစ်တဲ့ ရပ်ကွက် အန်အယ်လ်ဒီပါတီရုံးကို ဩဂုတ် ၂၉ ရက် ည ၁၁ နာရီကျော်မှာ လက်နက်ကိုင်တွေက ဝင်ရောက်ဖျက်ဆီးခံလိုက်ရတယ်လို့ သိပါတယ်။
အိမ်စီးကားနဲ့ ရောက်လာပြီး အရပ်ဝတ်လူ လက်နက်ကိုင်တွေက လာရောက်ဖျက်ဆီးသွားတာ ဖြစ်တဲ့အပြင် မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးရဲ့ ချွေးမနဲ့ အိမ်ရှိလူတွေကိုလည်း ရိုက်နှက်တာတွေရှိတယ်လို့ ဆိုပါတယ်။
ရပ်ကွက်နေပြည်သူ တစ်ဦးက “လိုင်းပေါ်မှာ တက်နေသလို ဗုံးခွဲခံရတာတော့ မကြားမိဘူး။ ကားတွေ၊ ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးရဲ့ ချွေးမကို ရိုက်နှက်တာရှိတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
ညအချိန်မတော် လာရောက် ဖျက်ဆီးတာဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူတွေသာဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့် လုပ်တယ်ဆိုတာ မသိရဘူးလို့ ရပ်ကွက်နေပြည်သူ တချို့က ပြောပါတယ်။
ဩဂုတ် ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်က မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၊ လမ်း ၉၀ မှာရှိတဲ့ မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးမှာ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အခုလို ဖျက်ဆီးခံ လိုက်ရတာဖြစ်ပါတယ်။